Saturday, August 6, 2016

ဆမ်းဘားမြေကအိုလံပစ်


၂၀၁၆ ခုနှစ် နွေရာသီ "အိုလံပစ်" ပွဲတော်ဖွင်ပွဲကို လာမဲ့သြဂတ်စ်လ (၅) ရက်နေ့ ဘရာဇီးလ်နိုင်ငံ ရီယိုဒီ ဂျေနီးရို "Rio de Janeiro "မှာ ရှိနေတဲ့ မာရာကာနာ MARACANA အားကစားကွင်းကြီးမှာ ကျင်းပပါလိမ့်မယ်။ တရားဝင် " Games of XXXI Olympiad " လို့အမည်တွင်ပါတယ်။ မီဒီယာတွေနဲ့ ကမ္ဘာတဝှမ်းမှာတော့ "Rio 2016" လို့သိကြပြီး ပြိုင်ပွဲတွေကို သြဂတ်စ် ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ "အိုလံပစ်" ဆိုတာအများသိကြတဲ့အတိုင်း (၄) နှစ်တကြိမ် ကျင်းပမြဲဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကမ္ဘာ့နိုင်ငံအသီးသီး မှလက်ရွေးစဉ်အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ အကြီးမားဆုံးသော အားကစားပွဲတော် ကြီးပါ။ ဒီအားကစားပေါင်းစုံ ယှဉ်ပြိုင်ကြမဲ့ ပွဲတော် ကြီး တာဝန်ယူ ကျင်းပတာကတော့ နိုင်ငံတကာ အိုလံပစ် ကော်မီတီ IOC ( International Olympic Committee)ဖြစ်ပြီး အခု " Rio 2016 "ပြိုင်ပွဲမှာဆိုရင် National Olympic Committees ( NOCs) နိုင်ငံ ပေါင်း (၂၀၆)နိုင်ငံက အားကစားသမား စုစုပေါင်း (၁၁၀၀၀) ကျော်ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်လို့ အိုလံပစ် သမိုင်းတလျှောက် န်ုင်ငံအများဆုံးနဲ့ အားကစားသမားအရေအတွက် အများဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ စံချိန်တင် အားကစား ပွဲတော်ကြီး ဖြစ်ပါတယ်။ အိုလံပစ် ပွဲတော်ကို ဒီတကြိမ်မှာမှ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံတွေကတော့ ကိုဆိုဗို နဲ ဆူဒန်တောင်ပိုင်း တို့ ဖြစ်ပါတယ်။ " Rio 2016 " မှာ အားကစား နည်း စုစုပေါင်း (၂၈) မျိုး ထည့်သွင်းကျင်း ပမှာ ဖြစ်ပြီးပထမ ဆုတံဆိပ်အနေနဲ့ ရွေတံဆိပ်စုစုပေါင်း (၃၀၄)နဲ့ အခြား ငွေ ကြေး တံဆိပ်တွေ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီတကြိမ် အသစ်ထည့်သွင်းယှဉ်ပြိုင်စေတဲ့ အားကစား နည်းတွေကတော့" ရပ်ဂ်ဘီ Rugby Sevens " နဲ့ ဂေါ့ဖ် Golf တို့ ဖြစ်ပါတယ်။

ဒီအိုလံပစ်ဟာ တောင်အမေရိကတိုက်မှာ ပထမဆုံးကျင်းပတဲ့ အိုလံပစ် ဖြစ်ပြီး ဆမ်းဘားမြေ ဘရာဇီးလ် မှာဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စား စရာကောင်းပါတယ်။ အင်မတန်ဖော်ရွေပြီး ပျော်ပျော်ရွှင်ရွှင် နေကြတဲ့ ဘရာဇီးလ် ပြည်သူတွေ၊ ဆမ်းဘားတေးသံတွေနဲ့အတူ အရောင်အသွေးစုံတဲ့ ဘရာဇီးလ်လှပျိုဖြူတွေ ရဲ့ဆမ်းဘားအကတွေကို ဖွင့်ပွဲမှာ တဝကြီးကြည့်ရဖို့ ရှိပါတယ်။ အခုတောင် အိုလံပစ် ရွာကိုရောက်နေတဲ့ အိုလံပီယံ( ပြိုင်ပွဲဝင်ကစားသမား) တွေ ဆမ်းဘားအကတွေ ကို ဒေသခံတွေနဲ့အတူ ပျော်ရွှင် မြူးတူးစွာ ကခုန်နေကြပါတယ်။

ဒီကနေ့ခေတ်"အားကစား"ပြိုင်ပွဲတွေဟာနိုင်ငံတကာအလိုက်ယှဉ်ပြိုင်ရတာတွေ များတဲ့အတွက် အနိုင် အရှုံးရလာဒ်တွေ ဟာ နိုင်ငံတွေရဲ့ ဂုဏ်သိက္ခါ နဲ့လည်းဆက်စပ်နေပါတယ်။ ဆုပေးစင်မြင့် မှ ပထမရွှေတံဆိပ်ကို လက်ခံရယူပြီး နိုင်ငံတော် အမျိုးသား သီချင်းကိုအားပါးတရပြိုင်တူဆိုရတဲ့ ခံစားမှုမျိုးဟာ ဘာနဲ့မှလဲနိုင်မယ်မထင်ပါဘူး။ ဆုရတဲ့ အားကစားသမားရဲ့ဝမ်းသာဝမ်းနည်း စိတ်ခံစားမှုအမျိုးမျိုးကို တီဗွီ မျက်နာ ပြင်ပေါ်မှာ ပုံစံအမျိုးမျိုး မြင်တွေ့ရတာကြည့်တဲ့သူတွေထံ ဝမ်းနည်း ဝမ်းသာ ခံစားမူတွေကူးစက်လို့ပေါ့။ သူတို့ရဲ့မျက်ဝန်းမှာ တွဲလောင်းခိုနေတဲ့ မျက်ရည်စတွေ မျက်ရည် မကျအောင်ထိန်းရင်း ဝဲနေတဲ့ မျက်ဝန်းတွေနဲ့ မိမိကိုယ်စား ပြုတဲ့ နိုင်ငံတော်အလံကို အရိုမသေပေးရင်း အမျိုးသား သီချင်းကို လိုက်ဆိုနေတာတွေရောပေါ့။

"အားကစား" ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင် "အားကစားဆိုတာ လူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို အသုံးပြုလှုပ်ရှားပြီး စည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ထားတဲ့ပြိုင်ပွဲတွေမှာ တဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ကစားနည်းတွေ" ဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ အားကစား နည်းပေါင်း (၇၅၀) ကျော်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကတော့ (၄) နှစ်တကြိမ်ကျင်းပတဲ့ " "အိုလံပစ်" သမိုင်းကို ပြန်လည်မိတ်ဆက်ရလျှင် အိုလံပစ် ကို စတင်ကျင်းပခဲ့တဲ့ နိုင်ငံကတော့ ဒီမိုကရေစီ ကို စတင်ကျင့်သုံးခဲ့တဲ့ " ဂရိ" ဖြစ်ပြီး ဒီမိုကရေစီကို စတင်ကျင့်သုံးခဲ့တဲ့ နှစ်ထက် အများကြီးစော ပြီး ဘီစီ (၇၇၆)မှာအစပြုခဲ့တာ ဖြစ်ပါတယ်။ ဂရိ ရဲ့ အိုလံပီယာ အရပ်မှာရှိတဲ့ ဇူး(စ်) Zeus ဆိုတဲ့ ဘာသာရေးအထွတ်အမြတ် ထားတဲ့နေရာ မှာ (၄) နှစ်တကြိမ်ကျင်းပတဲ့ ဘာသာရေးနဲ့ငြိမ်းချမ်းရေး ပွဲတွေမှာ ထည့်သွင်းယှဉ်ပြိုင်တဲ့ အားကစား ပွဲတော် ဖြစ်ပြီး ကနဦးအနေနဲ့ one-stade လို့ခေါ်တဲ့ ပေ(၆၃၀) အပြေးပြိုင်ပွဲ ဖြစ်ပြီး (၁၄) ကြိမ် ဆက်တိုက် ဒီတမျိုးပဲကျင်းပခဲ့တာပါ။ Pentathlon လို့ခေါ်တဲ့ (၅)မျိုးစုံပြိုင်ပွဲကို ဘီစီ (၇၀၈) မှာထည့်သွင်းခဲ့ပြီး အဲဒီ (၅) မျိုးစလုံးဒီကနေ့ထိ ယှဉ်ပြိုင်ကစားနေတဲ့ အလျှားခုန်၊လှံတံပစ်၊ သံပြားဝိုင်းပစ်၊ နပန်း နဲ့ တာတို အပြေးတို့ ဖြစ်ကြပါတယ်။ ဘီစီ (၆၈၈) မှာ လက်ဝှေ့ ဘီစီ (၆၄၈) မှာလက်ဝှေ့နဲ့ နပန်း ပေါင်းထားတဲ့ Pankration စတာတွေ ထည့်သွင်းယှဉ်ပြိုင်စေပါတယ်။ ပြိုင်ပွဲအားလုံး အမျိုးသားတွေသာဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အဲဒီလို ကျင်းပလာတဲ့ အိုလံပစ်ပြိုင်ပွဲဟာ ရောမ အင်ပါယာ ဧကရာဇ်ဖြစ်တဲ့ သီအိုဒိုစီးယက်စ် Theodosius ခေတ် အေဒီ (၃၉၃) မှာ ခွင့်မပြုလို့ ဆက်မကျင်းပဖြစ်ခဲ့တာကစပြီး ခေတ်သစ် အိုလံပစ် ပြန်ကျင်းပခဲ့တဲ့ အချိန်ထိ နှစ်ပေါင်း (၁၅၀၀) လောက်ကြာခဲ့ပါတယ်။

ဒီကနေ့ ခေတ်စားနေတဲ့ အားကစား နည်းမျိုးစုံဟာ ၁၇ ရာစု နဲ့ ၁၈ ရာစုလောက်မှာ ပိုမို ဖွံ့ဖြိုးလာပြီး (၁၉) ရာစုလောက် ရောက်တဲ့အချိန်မှာတော့ စည်းမျဉ်းဥပဒေတွေနဲ့ စံသတ်မှတ်ပြီး ဖြစ်နေပါပြီ။ နောက်ပိုင်း ကစားနည်း တော်တော် များများကို အထက်တန်းကျောင်းတွေ၊ ကောလိပ် တွေမှာ ပိုမိုကြီးထွားလာပြီး အားကစားတွေ ကစားခြင်း ဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအတွက် "အားကစား" စံတွေ ဖြစ်ပေမဲ့ ကစားနည်း စည်းကမ်းတွေ၊ ဥပဒေတွေ စံအဖြစ်သတ်မှတ်ပြီးနောက်မှာ ကြေးစား အားကစားသမားတွေ အသွင်နဲ့ အဖွဲ့တွေ အဖြစ်ဖွဲ့စည်း တိုးတက်လာပါတယ်။ မော်ဒန်ခေတ်ရဲ့ အိုလံပစ် အစောပိုင်းမှာ အပျော်တန်းအားကစားသမားတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပေမဲ့ မှာ ဒီနေ့ခေတ်မှာ ဘော်လုံးပြိုင်ပွဲက လွဲလို့ ကျန်တဲ့ အားကစားပြိုင်ပွဲတွေမှာ ကမ္ဘာတလွှားက ပရော်ဖက်ရှင်နယ်လ် အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါပြီ။ ဘော်လုံးမှာ FIFA က ၄ နှစ် တကြိမ်ကျင်းပတဲ့ ကမ္ဘာ့ ဖလာပြိုင်ပွဲကကြီး ကျယ်လွန်းလှသလို သူနဲ့ တန်းတူ ပွဲကိုတော့ခွင့် ပြုဖို့ မရှိပါဘူး။ အခုနောက်ဆုံ သတ်မှတ်ချက်အရ အပျော်တန်း/ ကြေးစား မရွေး အသက် (၂၃) အောက် ( ၂၃ အထက် ၃ ဦးခွင့် ပြု) များကိုသာပြိုင်ပွဲဝင်ဖို့ သတ်မှတ်ထာပါတယ်။

မော်ဒန်ခေတ် ပထမဆုံး အိုလံပစ်ပွဲကိုတော့ (၁၈၉၆) ခုနှစ် ဂရိ ရဲ့ အေသင်မှာ ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီ မွေးဖွားခဲ့တဲ့ နေရာပေါ့။ နိုင်ငံပေါင်း (၁၄)နိုင်ငံက အမျိုးသား အားကစားသမားပေါင်း (၂၄၁) ယောက်ဟာပြိုင်ပွဲအမျိုးအစားပေါင်း (၄၃) မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမေရိကန်တို့က ပထမနေရာ (၁၁) ခု နဲ့ အများဆုံးန်ုင်ကြပြီး အမေရိကန် က James Connelly ကပြိုင်ပွဲ ပထမနေ့မှာ ကျင်းပခဲ့တဲ့ သုံဆင့်ခုန်ပြိုင်ပွဲမှာ အနိုင်ရပြီး ပထမဦးဆုံး အိုလံပစ် ချန်ပီယံ အ ဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပဲရစ်စ်မှာ ကျင်းပတဲ့ (၁၉၀၀)မှာ အမျိုးသမီးအားကစား သမား (၂၂) ရောက် ဟာ ကစားနည်း (၅) မျိုး ဖြစ်တဲ့ တင်းနစ်၊ရွက်လှေ၊ဂေါ့ဖ်၊ မြင်းစီးနဲ့ Croquet လို့ခေါ်တဲ့ မြေစိုက် သံကွင်းတွေထဲကို သစ်သားဘော်လုံးတွေ ရိုက်သွင်းရတဲ့ ကစားနည်းတို့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် အိုလံပစ်ပြိုင်ပွဲတွေကို နွေရာသီမှာပဲ ကျင်းပလေ့ရှိပါတယ်။ နောက်ပိုင်း ၁၉၂၄ မှာ ဆောင်းရာသီအိုလံပစ် Winter Olympic ကို သီးခြားကျင်းပလာတဲ့အခါ ပုံမှန်ကျင်းပလာတဲ့ အိုလံပစ် ကို နွေရာသီအိုလံပစ် Summer Olympic လို့ခေါ်တွင်လာပါတယ်။ ၁၉၆၀ ကစပြီး မသန်မစွမ်းအားကစား သမားတွေအတွက် အိုလံပစ် Paralympic ကို စတင်ကျင်းပလာခဲ့ပါတယ်။ အများအားဖြင့် နွေရာသီ အိုလံပစ် ကျင်းပတဲ့နေရာမှာပဲ ဆက်ပြီး "Paralympic " ပြိုင်ပွဲ ကျင်းပတာ ဖြစ်ပါ တယ်။ခေတ်သစ် အိုလံပစ် မှာ ပထမကမ္ဘာစစ်ကြောင့် ၁၉၁၆ နဲ့ ဒုတိယ ကမ္ဘာစစ်ကြောင့် ၁၉၄၀ ၁၉၄၄ ခုနှစ်တို့မှာ ပြိုင်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

အိုလံပစ် ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတဝှမ်း က လူမျိုးဘာသာ၊ယဉ်ကျေးမှု မတူတာတွေ ပဓာနမထားပဲ၊အသားအရောင်မခွဲခြားပဲ လူသားအားလုံးအကြား ချစ်ကြည်ရင်း နှီးမှုရှိလာစေရန် နှင့် လူသားတွေ အကြားသဘောထားကြီးပြီး တယောက်အပေါ်တယောက် စိတ်ရှည် သည်းခံနိုင်ဖို့ပါ။ နောက်တခုကတော့ ကမ္ဘာတလွှား မတူညီတဲ့အရပ်မှာနေထိုင်နေကြတဲ့ နိုင်ငံတကာ က ပါရမီရှင်တွေ ကို သူတို့စွမ်းရည် ပြသနိုင်ဖို့ အသိအမှတ်ပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်တော့ အားကစားပြိုင်ပွဲတွေဟာ ဒီထက်ပိုမိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် တခုကျော် က အမေရိကန် မှ အဘိဓမ္မာ ပညာရှင် တဦး ဖြစ်တဲ့ William James မှ စစ်ပွဲတွေမရှိတဲ့ အချိန်တွေမှာ စစ်ပွဲတခုမှာထားရှိရမဲ့ကျင့်ဝတ်နဲ့ ညီတဲ့ ဝန်းကျင်တစုံတခုကိုရှာဖို့ ဖန်တီးဖို့ရှာဖွေဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။ သူဆိုလိုချင်တာက စစ်တိုက်စရာမလိုပဲ လူသားတွေကို ကျန်းမာသန်စွမ်းပြီး ခံနိုင်ရည်ရှိလာနိုင်တဲ့၊ မိမိကိုယ် ကိုအနစ်နာခံ စွန့်လွှတ်နိုင်တဲ့၊ မိမိကိုယ် ကို စည်းကမ်းထိန်းသိမ်း ပြုပြင်နိုင်တဲ့ ပုံစံမျိုးပါ။ နောက်ဆုံးတော့ အားကစား တခုသာ ဒီလိုချက်တွေ ဖြည့်စည်း ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ အထူးသ ဖြင့်အားကစား မှာ နိုင်ငံရေးသာမက ဘာသာရေး၊ လူမျိုးရေးတွေ ပါဝင်ဆက်စပ်နေလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ လာဘ်ပေးလာဘ်ယူ အရှုပ်အရှင်းတွေ မရှိသေးတဲ့အချိန် (၂၀၀၆) လောက်တုံးက UN အတွင်းရေးမှုး ကိုဖီအာနန်ဟာ သူတို့ရဲ့ ကမ္ဘာ့နိုင်ငံရေး အဖွဲ့အစည်းကြီးကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်လောက် စုစည်းမှုရှိရင် သိတ်ကောင်းမှာပဲ လို့ဆိုခဲ့ပါတယ်။ နှစ်ဖွဲ့စလုံး တကမ္ဘာလုံး ကို ကိုယ်စား ပြုတဲ့အဖွဲ့တွေ ဆိုပေမဲ့ လူအများစုက ဘောလုံး အကြောင်းပဲ ပြောကြ စိတ်ဝင်စားကြတာ ရယ်၊ နိုင်ငံရေးမှာ မရှိတဲ့ ပွင့်လင်း မြင်သာမှု တွေကို FIFA မှာတွေ့နိုင်လို့လည်းပါ ပါတယ်။

အဲဒီလိုပဲ ဒီနေ့ခေတ်ငြိမ်းချမ်းရေး ကာလမှာ အိုလံပစ် ဟာကမ္ဘာမှာ အကြီးမားဆုံး ပြိုင်ပွဲ ဖြစ်ပါတယ်။နိုင်ငံအသီးသီးရဲ့ အစိုးရတွေဟာ နိုင်ငံရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာ့နိုင်ငံတွေအကြား အာရုံစိုက်မှု ရဖို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ စစ်တလင်းတွေမှာ စစ်ခင်းမဲ့အစား အားကစားနည်း အမျိုးမျိုးကို အားကစားကွင်း အသီးသီးမှာ ယှဉ်ပြိုင်နေကြပါတယ်။ တိုက်ပွဲဝင် လူငယ်စစ်သည်တော်တွေအစား လူငယ်အားကစားသမား များစွာမွေးထုတ်လာကြပါတယ်။
အိုလံပစ်ပြိုင်ပွဲ ဟာ နိုင်ငံတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ညွှန်းဆိုနေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေဟာ အိုလံပစ်နဲ့ ဆက်စပ်တာတွေကို အလေးထားကြပါတယ်။ အထူးသဖြင့်ကွန်မြူနစ်နိုင်ငံတွေ ကသူတို့နိုင်ငံသားတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်သာလွန်တယ် ဆိုတာပြသဖို့ အားကစားသမားတွေကို ငွေကြေးအကုန်ခံ သုံးစွဲလေ့ကျင့်စေပါတယ်။ စစ်အေးခေတ် အမေရိကန် နဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ရဲ့ ရဲ့ပြိုင်ပွဲတွေက ပြင်းထန်လှပါတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခ ဖြစ်မဲ့နေရာကို အားကစားကွင်းတွေမှာ ယှဉ်ပြိုင် အနိုင်ယူတာနဲ့ အစားထိုးလာကြပါတယ်။ ဘယ်လိုပဲပြိုင်ပွဲတွေ ပြင်းထန်နေတဲ့ကြားမှာပဲ အ ပြန်အလှန်လေးစားမှုတွေနဲ့ အားကစားသမား ပီသမှုတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ၂၀၀၈ ဘီဂျင်းအိုလံပစ်က စလို့ တရုတ်တွေဟာ အအောင်မြင်ဆုံး ပထမနေရာကို ရယူလာပြီး စီးပွါးရေးရောအားကစားမှပါ အမေရိကန်ကို သူတို့ ကျော်ဖြတ်တော့မယ် ဆိုတာ ပြသလာကြပါတယ်။ ဒီလိုနဲ့ အားကစားဟာနိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ပေးတဲ့ နိုင်ငံ့ဂုဏ်ဆောင် ပေးတဲ့အရာတခု ဖြစ်ခဲ့ပါပြီ။

အိုလံပစ် သမိုင်းတလျှောက် နိုင်ငံရေး အခြေအနေ ကြောင့်ပြိုင်ပွဲမှာ ဝင်ခွင့်မရခဲ့တာတွေ၊ စစ်အေးကာလ မှာမကျေနပ်လို့ သပိတ်မှောက်ခဲ့ တာတွေလည်း စုံလို့ပါပဲ။ ပထမဆုံးအနေနဲ့ ၁၉၂၀ အိုလံပစ်မှာ ပထမကမ္ဘာစစ်မှာ စစ် ရှုံးတဲ့သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ဂျာမဏီ၊ ဟန်ဂေရီ၊ တူရကီ တို့ ပါဝင်ခွင့်မရပါဘူး။ ၁၉၄၈ လန်ဒန် အိုလံပစ်မှာ စစ်ရှုံးတဲ့ ဂျပန်နဲ့ဂျာမဏီတို့ ဝင်မပြိုင်ကြပါဘူး။ ဆိုဗီယက် ပြည်ထောင်စုက ၁၉၅၂ ထိပြိုင်ပွဲမဝင်ခဲ့ပါဘူး။ ဆိုဗီယက်တွေ အာဖဂန်နစ်စ်တန်ကို ၁၉၇၉ ဒီဇင်ဘာမှာ ကျုးကျော်ပြီးနောက် အမေရိကန်သမ္မတ ဂျင်မီကာတာ က မှာ ၁၉၈၀ မှာကျင်းပမဲ့ မော်စကို အိုလံပစ်ကို နေရာပြောင်းကျင်းပဖို့ IOC ကို တောင်းဆိုခဲ့ပေမဲ့ IOC က ငြင်းခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ (၆၀) ကပြိုင်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ လက်စားချေတဲ့အနေနဲ့ ဆိုဗီယက် နဲ့ အပေါင်းအပါ ကွန် မြူနစ် (၁၃)နိုင်ငံတို့ ၁၉၈၄ လော့စ်အင်ဂျလိစ် အိုလံပစ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။

အိုလံပစ် သမိုင်းမှာ အဆိုးရွှားဆုံးအဖြစ်ကတော့ ၁၉၇၂ အနောက်ဂျာမဏီ မှာကျင်းပတဲ့ မြူးနစ် အိုလံပစ်ပါ။ ပါလစ်စတိုင်းမှ Black September အဖွဲ့ဝင် အကြမ်းဖက်သမားတွေ ကြောင့်စုစုပေါင်း လူ(၁၇)ဦး သေဆုံးခဲ့ရတဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Black September Attack လို့ အများသိကြပြီး အိုလံပစ်အားကစားရွာထဲ ဝင်ရောက်ကာ အစ္စရေး အားကစားသမားတွေနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ထိုနေရာမှာပဲ (၂) ယောက်သေဆုံးသွားခဲ့ပြီး အခြား (၉) ယောက်ကို ဓားစာခံ အဖြစ်ခေါ်ဆောင်သွားပြီး အစ္စရေးတို့ဖမ်းဆီးထားတဲ့ အာရပ် ဓားစာခံတွေနဲ့ လွှတ်ပြီး အလဲအလှယ် လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ ညှိ နှိုင်းမရတဲ့အဆုံး လေဆိပ်မှာ အပြန်အလှန်ပစ်ခတ်ကြပြီးအစ္စရေး ဓားစာခံ (၉)ဦးစလုံး ဆုံးပါးခဲ့ရပါတယ်။ အကြမ်းဖက်သမား (၈) ဦးအနက် (၅) ဦးလည်းသေဆုံးခဲ့ပါတယ်။ အစ္စရေး အားကစားသမား(၅)ဦး၊ နည်းပြ (၆) ဦးနဲ့ ဂျာမဏီ ရဲ(၁)ဦးတို့ ဆုံးရှုံးခဲ့ရပါတယ်။ အိုလံပစ် ပြိုင်ပွဲ ကို (၂၄)နာရီ ရပ်နားခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို အိုလံပစ်ရွာမှာ ကျင်းပခဲ့ပါတယ်။ အိုလံပစ် ဥက္ကဌ Avery Brundage မှအိုလံပစ် ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ ညွန်ကြားခဲ့ပါ တယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်က" အကြမ်းဖက် သမားတွေ "ဘယ်တော့မှ အနိုင်မရခဲ့ဘူး ဆိုတာပါ။ ၁၉၇၂ မြူးနစ် အိုလံပစ် ဟာ အိုလံပစ်သမိုင်းမှာတော့ ဖြစ်ရပ်ဆိုးကြုံခဲ့တဲ့ ဝမ်းနည်စရာ အိုလံပစ် ဖြစ်ခဲ့ပါတယ်။

" Rio 2016 " မှာ မြန်မာနိုင်ငံလည်း ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး အားကစား နည်း (၅) မျိုးမှာအားကစားသမား စုစုပေါင်း (၇) ယောက်ယှဉ်ပြိုင်မယ်လို့ စာရင်းအရ သိရပါတယ်။" မြားပစ်"စန်းယုထွေး၊ ပြေးခုန်ပစ်မှာ"စန်းနိုင် နဲ့ဆွေလီမြင့်၊ ဂျုဒို မှာ ရန်နိုင်စိုး ၊ သေနတ်ပစ် မှာ နောင်ရဲထွန်း၊ ရေကူးမှာ မြတ်သင့် နဲ့ အိအိသက် တို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ မြန်မာနိုင်ငံ အနေနဲ့ ၁၉၇၆ ခုနှစ် ကနေဒါမှာကျင်းပတဲ့ မွန်ထရီရယ် အိုလံပစ်ကလွဲရင် ကျန်တဲ့ နွေရာသီ အိုလံပစ် ပွဲတွေမှာ အမြဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာဘောလုံးအသင်း အအောင် မြင်ဆုံး အချိန် ဖြစ်တဲ့ ၁၉၇၀ ဝန်းကျင်မှာ အိုလံပစ် ခြေစစ်ပွဲအောင်မြင်ပြီး ၁၉၇၂ ခုနစ် မြူးနစ် အိုလံပစ်မှာ ဝင်ရောက် ယှဥိပြိုင်ခဲ့ပါတယ်။ အုပ်စုပါတ်လည်ပြိုင်ပွဲ မှာ ဆူဒန်ကို ၂-၀ နဲ့နိုင်ပြီး ဆိုဗီယက် ပြည်ထောင်စုနဲ့ မက္ကစီကို တို့ကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခဲ့ရပေမဲ့ မြန်မာ့ဘောလုံး သက်တမ်းတလျှောက် အအောင်မြင်ဆုံး မြန်မာ့ဂုဏ်ဆောင် အသင်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲဝင်တဲ့သက်တမ်းတလျှောက် ပြီးခဲ့တဲ့ ၂၀၁၂ လန်ဒန် အိုလံပစ် ပွဲအထိ ဆုတံဆိပ် တခုမှ ဆွတ်ခူးရရှိထားတာ မရှိသေးပါဘူး။

" Rio 2016 " မှာတား မြစ်ဆေးသုံးလို့ ရုရှအားကစားသမား တချို့ပြိုင်ပွဲ ဝင်ခွင့်မရတာတွေ၊ ZIKA Virus ကြောင့် အချို့ နာမည်ကျော် အားကစားသမားတွေ ဘရာဇီးလ် ကိုသွားရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ဖျက်ခဲ့တာတွေ နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဘရာဇီးလ်နိုင်ငံရေး အခြေအနေ( အစိုးရမှ အိုလံပစ်အတွက် ငွေကြေးအလုံးအရင်း သုံးတာကို ကန့်ကွက်ဆန္ဒ ပြနေတာတွေ) ကလွဲရင် ဆမ်းဘားမြေရဲ့ အိုလံပစ်ဟာ ကမ္ဘတလွှားက အနိဌါရုံ တချို့ကိုမေ့ထားပြီး အင်မတန်အေးချမ်း စည်းလုံးပျော်ရွှင်နေတဲ့ အရောင်အသွေးစုံတဲ့ နိုင်ငံတကာက အိုလံပီယံ တွေရဲ့ ပြိုင်ပွဲ တွေ ကိုရင်သပရှုမောခံစားနိုင်ပါစေ။
ဆမ်းဘားတေးသွားတွေ အကတွေရှုစားရင်း ဘဝအမောတွေ ပျောက် ပြယ်ပါစေ။
("Rio 2016 "ဖွင့်ပွဲအချိန်မှာ မြန်မာစံတော် ချိန်အနေနဲ့ သြဂတ်စ်လ ၆ ရက် မနက် ၅:၃၀ ဖြစ်ပါတယ်)

Thet Winn Tint


image: 1img.org

No comments:

Post a Comment