Sunday, August 7, 2016

ရှစ်လေးလုံးအရေးတော်ပုံ နှင့် မြန်မာ့သမိုင်းကြောင်းဆိုင်ရာ အယူအဆနှစ်ခု


         မြန်မာစကားတွင် ရာဇ၀င်ဘီး တစ်ပတ်လည်သည် ဟူသော အသုံးအနှုန်း ရှိ၏။ သမိုင်းဖြစ်ရပ်များ တစ်ကျော့ပြန်လည်တတ်ခြင်းကို ရည်ညွှန်းသည်။ မြန်မာ့သမိုင်းကို ဆင်တူဖြစ်စဉ်များ အကြိမ်ကြိမ် တစ်ကျော့ပြန်နေသော သမိုင်းကြောင်းအဖြစ် ပညာရှင်အချို့က မှတ်ချက်ပြုခြင်းများရှိ၏။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော် စသဖြင့် အကြိမ်ကြိမ် တည်ထောင်ခဲ့၊ ပြိုကွဲခဲ့သည့်တိုင်  နိုင်ငံတော် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံများ မပြောင်းလဲ၊ ရှေးကနှင့် ပုံစံတူသည့်အဖြစ်ကို ၎င်းတို့က ထောက်ပြကြသည်။ ထိုအယူအဆကို တင်ပြခဲ့သူများတွင် အစောပိုင်း ဟာဗေး (G.E. Harvey) နှင့် နောက်ပိုင်း အောင်သွင် (Michael Aung-Thwin) တို့ ပါဝင်သည်။ ရှေးပုဂံခေတ် ကတည်းက ရှိခဲ့သည့် အယူအဆစွဲများအကြားမှ ရုန်းမထွက်နိုင်ပဲ သံသရာလည်နေသည့် ကုန်းဘောင်ခေတ် အုပ်ချုပ်ရေးကို ဝေဖန်ရာတွင် ဟာဗေး က ဤသို့ ဆိုခဲ့သည်။

‘၎င်းတို့၏ ၁၉ ရာစု အိုင်ဒီယာများမှာ ၉ ရာစုက အတိုင်းပင် (မပြောင်းမလဲ) ဆက်လက်ကျန်နေ၏။ ဘုရားတည်ရန်၊ သြဇာခံ နယ်စားပယ်စားများထံမှ သမီးကညာ ကောက်ယူရန်၊ ကျွန်အဖြစ် သိမ်းပိုက်ယူရေး စွမ်းစွမ်းတမံတိုက်ပွဲများဆင်နွှဲရန်၊ ဆင်ဖြူတော်များအတွက် စစ်တိုက်ရန် စသည့် ခံယူချက်များမှာ သူ့အချိန်သူ့အခါက လျှမ်းလျှမ်းတောက်ခဲ့ပေမည်။ သို့ရာတွင် ယင်းကို ကျော်၍ မရွှေ့နိုင်သော ဘုရင်စနစ်သည်ကား ပျက်ကိန်းနှင့် ကြုံရမည်မှာ မုချဖြစ်တော့၏။’ [i]

နောက်ပိုင်း အလားတူ အယူအဆကို နိုင်ငံတော်နှင့် လူ့ဘောင်အဖွဲ့အစည်းများအကြား ဆက်ဆံရေးဆိုင်ရာ ပါရာဒိုင်း တစ်ခုအဖြစ် အောင်သွင်က တည်ဆောက် တင်ပြခဲ့သည်။ သူ၏ ကြောင်လိမ်ဥပမာ စာတမ်း[ii] တွင် ပါမောက္ခအောင်သွင်က ဤသို့ရေး၏။

‘၎င်းတို့ (မြန်မာ့အင်စတီကျူးရှင်းများ) ၏ ခွန်အားကို ကြောင်လိမ်လှည့်ပတ်သည့် စက်ဝိုင်းများပုံစံ ဖော်ထုတ်ခဲ့၊ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အဟောင်းများကို ပယ်ဖျက်ကာ အခြေခံကျကျ သစ်လွင်သည်များကို ဖန်တီးရခြင်းအစား ရှိပြီးသားအင်စတီကျူးရှင်းတို့ ချဲ့ထွင်လာခြင်း၊ ကျုံ့သွားခြင်း ဖြစ်စဉ်ကိုသာ တွေ့ရ၏။ ထို ကြောင်လိမ်ပုံစံများက မြန်မာ့သမိုင်း၏ ခေတ်တစ်ခေတ်နှင့် နောက်တစ်ခေတ်အကြား ဆင်တူမှု ကွဲပြားမှုတို့ကို ထင်ဟပ်ပြနေသည်။’ [iii]

၎င်း၏ အယူအဆအရ မြန်မာ့လူ့ဘောင်အနေဖြင့် အပြောင်းအလဲကို လက်ခံသည့်တိုင် အသစ် ပုံစံထုတ် တည်ဆောက်ရခြင်းအစား ပုံစံဟောင်းကို စံနမူနာထားလိုသည့် သဘောရှိပေရာ မြန်မာ့သမိုင်းကြောင်း၏ ဖွံ့ဖြိုးမှုသည် မျဉ်းဖြောင့် (linear) ပုံစံ မဟုတ်ပဲ ‘ပိုမိုဖြူစင်သော’ အတိတ်[iv] သို့ ပြန်သွားလိုစိတ်ဖြင့် မောင်းနှင်သည့် အပြောင်းအလဲအဖြစ် ကြောင်လိမ် (spiral) ပုံစံ ဖြစ်ထွန်းလာကြောင်း သိရသည်။ ယနေ့ထိတိုင် ထိုအယူအဆများ လိုက်ပါဆဲ ရှိသည့်အဖြစ်ကို ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အဖြစ် ပြန်လည်ထူထောင်ရန် အားထုတ်ခြင်း၊[v] ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းရှိ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်း[vi] တို့က သက်သေထူနေကြသည်ဟု အောင်သွင်က မှတ်ချက်ပြုသည်။

အခြားတစ်ဖက်တွင် ၁၈၈၆ ခုနှစ် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခံရခြင်းက ခေတ်သစ်ပုံစံသစ်ကို ဖြစ်ထွန်းစေခဲ့သည့်တိုင် ကိုလိုနီခေတ်၏ ရှေ့ပိုင်း မြန်မာဘုရင်များ အုပ်ချုပ်သည့် ကာလများသည် လုံးဝ ရပ်တန့်နေသော၊ ထပ်တလဲလဲချည်းသာဖြစ်နေသာ သမိုင်းကြောင်းမဟုတ်ခဲ့ ဟူသည့် အယူအဆသည်လည်း အခိုင်အမာရှိ၏။ ထိုအယူအဆကို တင်ပြသူ လီဘာမန် (Victor Lieberman) က ၎င်း၏ မြန်မာ့သမိုင်းကို ဘာသာပြန်ခြင်း[vii] စာတမ်း၌ ဤသို့ဆိုခဲ့သည်။

‘စာရေးသူ ဖတ်မိသမျှ အထောက်အထားများ အရမူ ၉ ရာစုမှ ၁၉ ရာစုနှောင်းပိုင်း ကာလအတွင်း မြန်မာပြည်အနေဖြင့် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး အသွင်ပြောင်းမှုများ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသည်။ ထိုအပြောင်းအလဲများမှာ ၁၈၈၅ ခုနှစ်နောက်ပိုင်း ဖြစ်ပျက်သည်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အကန့်အသတ်ရှိသည့်တိုင် ကိုလိုနီခေတ်မတိုင်မီ ကာလတစ်လျှောက် တရားစီရင်ရေး၊ (အုပ်ချုပ်မှု) ပုံစံ၊ (စနစ်ကို) မောင်းနှင်လည်ပတ်မှုတို့တွင် ပြောင်းလဲခဲ့သည့် အစုအပေါင်းကို အထင်ကရအဆင့် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။’ [viii]

လီဘာမန်က သူ့အယူအဆကို ထုတ်ဖော်ရာ၌ လွန်စွာ ဝေးကွာလှသည့် အရပ်မှ ကြည့်သည့်အခါ မြေမျက်နှာပြင်သည် တစ်ညီတည်းရှိသယောင် ထင်ရတတ်ခြင်းကို နမူနာပေးသည်။ မြန်မာ့ထီးနန်း၏ အပြောင်းအလဲဖြစ်လိုသည့် သဘောထား တိုးတက် ဖြစ်ထွန်းလာရာတွင် ကိုယ်တိုင် အားထုတ်စမ်းသပ်ခြင်း၊ နိုင်ငံခြားမှ ကျူးကျော်မှုများ၊ ပြည်တွင်း လယ်ယာနှင့် လူဦးရေပျံ့နှံ့မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု စသည်တို့က တွန်းအားပေးခဲ့သည်ဟု သူကဆိုသည်။ ဥပမာအချို့ကို ကောက်နှုတ်ပြရလျှင် တောင်ငူခေတ်တွင် ဥရောပသား လက်နက်ကိုင်များ ကို ဆင်တပ်၊ ခြေလျှင်တပ်များနှင့် ပေါင်းစပ် ဖွဲ့စည်းလာခြင်းကို ထောက်ပြသည်။ အုပ်ချုပ်ရေးတွင် ဒုတိယ (တောင်ငူ) အင်းဝခေတ်မှ စတင်ကာ  ထိပ်တန်း မင်းညီမင်းသားများအား အထင်ကရမြို့များသို့ စေလွှတ်၍ အပိုင်စား နန်းစံစေမှုကို ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ဆိပ်ကမ်းမြို့များ၏ ၀င်ငွေကို ဘုရင့် ဘဏ္ဍာတော်အဖြစ် ထည့်သွင်းစီမံလာခဲ့ရာ ရန်ကုန်ဆိပ်ကမ်း၏ တစ်နှစ်ဝင်ငွေသည် ကျောက်ဆည်ခရိုင်၏ တစ်နှစ်ဝင်ငွေကို ကျော်တက်သည်အထိ ဖြစ်ထွန်းလာခဲ့သည် ဟု ကိုးနစ် (William J. Koenig) ၏ စာတမ်းကို ကိုးကား တင်ပြထားသည်။ ၁၅ ရာစု နှောင်းပိုင်းမှသည် ၁၆ ရာစုဦးပိုင်းမှ စတင်ကာ (အခွန်တော်ငွေကို ထိခိုက်စေနိုင်သော) ဘာသာရေးအတွက် မြေလှုဒါန်းမှုများအစား ငွေကြေးလှုဒါန်းမှုများ ခေတ်စားလာသည်။ ထို့ပြင် စုစည်းအုပ်ချုပ်နိုင်သည့်အင်အား ပြောင်းလဲတိုးတက်လာပုံကို ပြဆိုရာဝယ် ပုဂံပျက်ပြီးနောက် တိုင်းပြည်အ၀န်း ဖရိုဖရဲဖြစ်ကာ စုစုစည်းစည်း မရှိခဲ့သည်မှာ နှစ်ပေါင်း ၂၆၈ နှစ်မျှ ကြာခဲ့သော်လည်း တောင်ငူပျက်ပြီးနောက် ၁၅ နှစ်အတွင်း တိုင်းပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့သည့် အချက်ကို ထောက်ပြသည်။ မြန်မာ့ထီးနန်းအနေဖြင့် ၁၅ ရာစုနောက်ပိုင်းမှ စတင်ကာ ဆိပ်ကမ်းမြို့များ၏ အရေးပါမှုကို သိသိသာသာပင် လက်ခံလာပြီး အုပ်ချုပ်ရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်မှုများကို ဆက်လက် ဖော်ဆောင်လာခဲ့သည်မှာ ၁၈၈၅ ခုနှစ် ဘုရင်စနစ် အဆုံးသတ်သည်အထိဟု လီဘာမန်က ငြင်းချက်ထုတ်သည်။[ix]

၁၉၆၂ ခုနှစ် နောက်ပိုင်း မဆလ အစိုးရမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င် နယ်ပယ်အသီးသီး၌ ဖော်ဆောင်ချက်များသည် အတိတ်သို့ ပြန်လည်ဦးတည်ခြင်း (၀ါ) ရာဇ၀င်ဘီး တစ်ပတ်ပြန်လည်ရန် အားထုတ်ခြင်းဖြစ်သည်ဟူသော အယူအဆကိုလည်း လီဘာမန်က လက်မခံချေ။ ၎င်းက ဤသို့ ချေပသည်။

အခြေခံ ခေတ်ပြိုင် အင်စတီကျူးရှင်းများ ထူထောင်ကာ ပိုလျှံသည့် လယ်ယာထွက်ကုန်များကို ဗဟိုမှ ချုပ်ကိုင်ဝယ်ယူခြင်း၊ ကြိတ်ခွဲပြုပြင်ခြင်း၊ အစိုးရမှ ကြပ်မတ်ကာ လူသုံးကုန်ပစ္စည်းများ ဖြန့်ဝေခြင်း၊ နိုင်ငံတော်အဆင့် ကျန်းမာရေး၊ ပညာရေး၊ ချေးငွေ လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ရန်မှာ ကိုလိုနီခေတ်၏ စီးပွားရေး တော်လှန်မှုမတိုင်မီ ပုံစံအရ ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ခေတ်သစ်မတိုင်မီ မြန်မာ့သမိုင်းကို စက်ဝိုင်းပုံလည်ပတ်ခြင်းအဖြစ်၊ ၎င်း၏ လူမှုစည်းရုံးလှုပ်ရှားသည့် ပုံစံကို ပုံသေအဖြစ် သတ်မှတ်သည်ဆိုလျှင် လက်ရှိ (မဆလ) အစိုးရသည် မျဉ်းဖြောင့်ဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်မှု၊ လှုမှုဘ၀ပြုပြင်ခြင်း စသည်တို့ကို ဗြိတိသျှတို့၏ နည်းလမ်းများအတိုင်း လုပ်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။[x]

ဆိုခဲ့သည့် အယူအဆနှစ်ခုတို့ ကြက်ခြေခတ် ဖြတ်သန်းသွားသကဲ့သို့ရှိရာတွင် ဆုံမှတ် (၀ါ) တူညီချက်မှာ ၁၈၈၆ ခုနှစ် ဗြိတိသျှ အင်ပါယာတွင်းသို့ သွတ်သွင်းခံရခြင်းက မြန်မာ့သမိုင်းအပေါ် စူးစူးနက်နက် သက်ရောက်စေခဲ့သည် ဆိုသော အချက်၌ဖြစ်သည်။[xi] ဗြိတိသျှကျူးကျော်မှုကြောင့် တတိယမြန်မာနိုင်ငံတော် ပြိုလဲပြီး အုပ်ချုပ်ရေးပုံစံ လုံးဝပြာင်းလဲသွားသည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ကိုလိုနီခေတ် မတိုင်မီနှင့် ကိုလိုနီခေတ် ဟူသော ကာလအပိုင်းအခြားသည်လည်း ပေါ်ပေါက်လာသည်။ ဆရာအောင်သွင်၏ လမ်းကြောင်းအတိုင်း လိုက်ပါက ၁၈၈၆ - ၁၉၆၂ ခုနှစ်အကြား ၇၆ နှစ်တာ ကာလသည် မြန်မာ့သမိုင်း၏ ကွက်လပ်တစ်ခု ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ စတုတ္တမြန်မာနိုင်ငံတော်အဖြစ် [sic] နိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားထုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။[xii]

ဤနေရာ၌ ‘ရှစ်လေးလုံးအရေးတော်ပုံ’ က မြန်မာ့သမိုင်းကို မည်သို့ သက်ရောက်စေသည်၊ မည်သည့်နေရာမှ သက်ရောက်စေသည် ဟူသော မေးခွန်းများမေးရန် လိုအပ်လာသည်။ အရေးတော်ပုံ ဟူသော မြန်မာစကားကို ကိုလိုနီခေတ် မတိုင်မီကတည်းက စတင်အသုံးပြုခဲ့ပြီး မင်းညီမင်းသား အထက်တန်းလွှာတို့အကြား ပါဝါအတွက် ရုန်းကန်မှု၊ ပုန်ကန်မှုကို ကိုယ်စားပြုသည် ဟု ပါမောက္ခ တေလာ (Robert H. Taylor) ကဆိုသည်။[xiii] သမိုင်းပညာရှင် ဒေါက်တာ ရီရီ၏ လေ့လာချက်အရ မြန်မာစာပေတွင် ကိုလိုနီခေတ် မတိုင်မီကာလက အရေးတော်ပုံ အမည်တပ် ကျမ်း ကိုးကျမ်းထက်မနည်း ပေါ်ထွက်ခဲ့ရာ ဓည၀တီ အရေးတော်ပုံ၊ ရာဇာဓိရာဇ် အရေးတော်ပုံ၊၊ ဟံသာဝတီ ဆင်ဖြူရှင် အရေးတော်ပုံ၊ ညောင်ရမ်းမင်း အရေးတော်ပုံ၊ အလောင်းမင်းတရာကြီး အရေးတော်ပုံ တို့မှာ ထင်ရှားကြောင်း သိရသည်။[xiv] ကိုလိုနီခေတ်တွင် ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ၊ တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ၊ မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံ တို့မှာ  ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှု၏ အထင်ကရ မှတ်တိုင်များ ဖြစ်လာကြသည်။

ယခုအခါ ရှစ်လေးလုံးအရေးတော်ပုံကို ကျောင်းသားများစတင်ခဲ့သည့် ဒီမိုကရေစီရေး ပြည်သူ့လှုပ်ရှားမှုကြီးအဖြစ် အသိအမှတ်ပြု လက်ခံထားကြသည်။ ထိုစဉ်က အာဏာရ အစိုးရ၏ နောက်ဆုံးသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာမောင်မောင်ကမူ ယင်းကို မင်းမဲ့စရိုက် လွှမ်းမိုးသည့် ရက်စက်ကြမ်းကြုပ်မှုများနှင့် ပြည်ပမီဒီယာ၏ ထိုးနှက်ချက် ဟု သတ်မှတ်သည်။[xv] အခြားတစ်ဖက်၌မူ မင်းမဲ့စရိုက်များသည် အစိုးရမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့မှုဟု စွပ်စွဲခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ် လကုန်တွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အကျဉ်းသား ၉၀၀၀ ကျော် လွတ်မြောက် (သို့မဟုတ်) လွှတ်ပေးခဲ့ခြင်းအတွက် အစိုးရမှ ဂဃနဏ ရှင်းမပြနိုင်ခဲ့ခြင်းကို ဝေဖန်မှုများလည်း ရှိသည်။[xvi] တစ်ချိန်တည်းမှာပင် ရှစ်လေးလုံး အရေးတော်ပုံတွင် ဒီမိုကရေစီရေး တောင်းဆိုသံများ၏ နောက်ကျမှုကို ထောက်ပြမှုများ ရှိခဲ့သည်။ အရေးအခင်းများနှင့် ပတ်သက်၍ ထိုစဉ်က ရန်ကုန်မြို့တွင် တာဝန်ကျသည့် အနောက်တိုင်း သံတမန်တစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည် ဆို၏။

‘ကျောင်းသားလှုပ်ရှားမှုနှင့် ၎င်းတို့ကို ဂရုဏာသက်ပြီး ၀န်းရံလာကြသည့် လူထုကြီးတွင် ထိုအချိန်ထိ (ဦးတည်ချက်တစ်ရပ်ကို) အာရုံစိုက်ခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ယင်း၌ အခြေခံအားဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု၊ ရက်စက်ကြမ်းကြုတ်ခြင်း (နှင့် နှိမ်နင်းမှုများ) ကို ဆန့်ကျင်မှု၊ အလဟဿ ပေါ်လစီများအပေါ် စိတ်ပျက်လက်ပျက် တုံ့ပြန်မှု၊ ဆန္ဒထုတ်ဖော်ခြင်း၊ မျှော်လင့်ချက်မဲ့နေသည့် ကျောင်းသားများ၊ အနာဂတ် ပျောက်ဆုံးခြင်း တို့ ရောပြွမ်းနေသည်။ ဦးတည်ရာမဲ့နေသည်။ နေ၀င်းက ပါတီစုံစနစ်ကို တင်သွင်းလိုက်သည့်အခါ အမှတ်မထင် ဦးတည်ချက်ချပေးသကဲ့သို့ဖြစ်သွားပြီး ထိုနောက်ပိုင်းမှစကာ ကျောင်းသားများ ဒီမိုကရေစီ အော်ကြလေတော့သည်။’ [xvii]

သို့ရာတွင် ရှစ်လေးလုံး အရေးတော်ပုံသည် လက်လွန်သွားသော အဓိကရုဏ်းများသာ ဖြစ်သည်ဟူသည့် ဒေါက်တာမောင်မောင် နှင့် ဆရာအောင်သွင် တို့၏ အဆောတလျင် အဆုံးအဖြတ်ပေးမှု[xviii] ကို ဤဆောင်းပါးက လက်မခံပါ။ ထို့ပြင် ဤအရေးတော်ပုံသည် (မြန်မာ့သမိုင်းမှ အခြားသော အရေးတော်ပုံတို့ကဲသို့ပင်) ပါဝါအထက်တန်းလွှာများ၏ အားပြိုင်မှု တစ်ခုသာဖြစ်သည် ဟူသော ပါမောက္ခအောင်သွင်၏ အယူအဆ[xix] ကိုလည်း ငြင်းပယ်သည်။ ပါဝါအားပြိုင်မှုများကား အထင်အရှားဖြစ်၏။ သို့သော် ယင်းအားပြိုင်မှုများမှာ (သမိုင်းတွင် ကြုံခဲ့ပြီးသည်များကဲ့သို့) အရေးတော်ပုံ၏ အကြောင်းရင်း (cause) မဟုတ်။ အရေးတော်ပုံ၏ နောက်ဆက်တွဲ ရိုက်ခတ်မှု (effect) များအကြား မဖြစ်မနေ နေရာယူလာရာမှ ပေါ်ထွက်လာခြင်းသာ ဖြစ်၏။ ထို့ပြင် ရှစ်လေးလုံး အရေးတော်ပုံ၌ ထူးခြားသည့် သမိုင်းလက္ခဏာများ အောက်ပါအတိုင်း ရှိနေသည်ကိုလည်း ဤဆောင်းပါးက အသိအမှတ်ပြုသည်။

-       မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ အစိုးရမင်းကို ပြည်သူက လက်နက်မဲ့ ပုန်ကန် ခြင်းမှာ ပထမဆုံးဖြစ်၏။[xx]



-       ပါဝါအထက်တန်းလွှာ (power elite) တို့မှ ဦးဆောင်သည့် အရေးတော်ပုံမဟုတ်။ ကျောင်းသားများမှ စတင်လှုံ့ဆော်ကာ အလုပ်သမား၊ အရပ်သားများ စသည့် လူထုကြီး ပါဝင်လာကြ ပြီးမှ ပါဝါအထက်တန်းလွှာတို့ ၀န်းရံလာခြင်းဖြစ်၏။[xxi]



-       ပါဝါအထက်တန်းလွှာများ အချင်းချင်း အားပြိုင်မှုကြောင့် အစောပိုင်း မြန်မာနိုင်ငံတော်များ ပြိုလဲခဲ့ရာတွင် အနိုင်ရသူက အုပ်ချုပ်သူ အသစ်ဖြစ်လာပြီး အခြေခံကျသည့် ပြောင်းလဲမှုများမရှိခဲ့ပဲ စနစ်ဟောင်းအတိုင်းသာ ဆက်လက် သယ်ဆောင်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံတော်မှာ ပြည်ပ ကျူးကျော်မှုကြောင့် ပြိုလဲခဲ့ခြင်းဖြစ်၏။ ကိုလိုနီ အုပ်ချုပ်ရေးက အခြေခံကျကျ ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့သော်လည်း တိုင်းတစ်ပါး၏ ပြဋ္ဌာန်းချက် အဖြစ်သာ နေရာရခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကိုယ်ပိုင် ဖန်တီးခွင့်ရှိသည့် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ထောင်ကာ တံခါးပိတ်သည့် ပုံစံ (ဟောင်း) ကို အသက်သွင်းခဲ့ခြင်းမှာ သက်သေဖြစ်၏။ ရှစ်လေးလုံး အရေးတော်ပုံမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည့်တိုင် ၎င်း၏ အမွေအဖြစ် နိုင်ငံရေးတွင် ပါတီစုံစနစ်ကို အသိအမှတ်ပြု ရှေးရှုခြင်း၊ ဈေးကွက် စီးပွားရေးကို ရှေးရှု ဖော်ဆောင်လာခြင်း[xxii] များအား သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာအုပ်ချုပ်သူများ ကိုယ်တိုင်မှ ကမကထပြု ဆောင်ရွက်လာစေခဲ့သည်။ ဤအခြေခံကျသော ပြောင်းလဲမှုများကို ပြင်ပမှ သြဇာညောင်း ပြဋ္ဌာန်းမှုကြောင့် မဟုတ်ဘဲ ပြည်တွင်းကို အခြေပြုသည့် လှုံ့ဆော်မှု ‘အင်အား’ ကြောင့် ဖော်ဆောင်ရခြင်း (indigenous initiative) မှာလည်း ပထမဆုံးအကြိမ်ဖြစ်၏။[xxiii]

ဆိုခဲ့သည့် ၀ိသေသ လက္ခဏာများက ရှစ်လေးလုံး အရေးတော်ပုံတွင် မြန်မာ့သမိုင်းကို အခြေခံကျကျ ပြောင်းလဲနိုင်မည့် အစွမ်းသတ္တိများ ရှိနေသည့်အချက်ကို အထင်အရှား ညွှန်ပြနေကြသည်။ တစ်ချိန်တည်းမှာပင် အရေးတော်ပုံ၏ ကနဦး သက်ရောက်မှုအဖြစ် ယနေ့ မြန်မာပြည်တွင် နိုင်ငံရေးစနစ်၊ စီးပွားရေးပုံစံနှင့် လူ့ဘောင်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အရွေ့များကို မြင်လာရသည်။ သမိုင်းကြောင်းကို လီဘာမန်၏ အယူအဆနှင့် ပြန်လည် နီးစပ်လာစေ၏။ ရေရှည်အတွက်မူ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းများအနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံ၏ အမွေကို မည်မျှဝေးဝေးထိ စုစုစည်းစည်း လက်ဆင့်ကမ်းသွားနိုင်မည် ဆိုသော အချက်ပေါ်တွင် မူတည်သည်။ တစ်ဖန် ထိုလက်ဆင့်ကမ်းနိုင်ခြင်းကပင် အနာဂတ် မြန်မာပြည်သည် ဆရာအောင်သွင် ယူဆသကဲ့သို့ ကြောင်လိမ်ဖြစ်စဉ်များ၏ တစ္ဆေခြောက်ခံရခြင်းမှ လွတ်မြောက်နိုင်မည့် အကြောင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထိုသို့ လွတ်မြောက်ပြီးသည့် အခါမှသာ ရှစ်လေးလုံး အရေးတော်ပုံအား မြန်မာနိုင်ငံတော်၏ မာရသွန်ခရီးရှည်မှ တာထွက်ပွိုင့် အသစ်တစ်ခုအဖြစ် အနာဂတ် မျိုးဆက်များက လက်ခံလာကြမည် ဖြစ်ပါသည်။


မှတ်စုများ

[i] G. E. Harvey, History of Burma: From the Earliest Times to March 1824 The Beginning of the English Conquest. (London: Frank Cass & Co. Ltd.  1925 & 1967) p. 249.
[ii] Michael Aung-Thwin, “Spirals in Early Southeast Asian and Burmese History” in Journal of Interdisciplinary History, Vol. 21, No. 4. (Spring, 1991), pp. 575-602.
[iii] ၎င်း - p. 592.
[iv] “purer” past  ၎င်း - p. 600.
[v] ၎င်း - p. 591. ထို့ပြင် Michael Aung-Thwin, “1948 And Burma’s Myth of Independence” in Josef Silverstein (ed,), Independent Burma at Forty Years: Six Assessments (Ithaca, 1989), pp. 19-34 လည်းရှု။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးသည် သာမန် ပြည်သူအများစုတို့၏ နေ့စဉ်ဘ၀ကို သက်ရောက်စေခဲ့ခြင်း မရှိသည့်ပြင် အထက်တန်းလွှာတို့အကြားမှ ကိုလိုနီစိတ်ကို ရပ်တန့်စေခဲ့ခြင်း မရှိ (၀ါ) ကိုလိုနီစနစ်ကို ရပ်တန့်စေခဲ့ခြင်းမရှိဟု ထိုဆောင်းပါးက သုံးသပ်သည်။ အခြားတစ်ဖက်တွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းမှာ မြန်မာတို့၏ ဘ၀င်ကို ခိုက်စေသည့် လွတ်လပ်ရေးအစစ်ကို ထူထောင်ခြင်းဟု ထောက်ပြသည်။ pp. 23-24 ရှု။
[vi] From Rangoon to Pyinmana by Michael Aung-Thwin in Bangkok Post, 26 November 2005 (Obtained from http://www.burmanet.org/news/2005/11/28/bangkok-post-from-rangoon-to-pyinmana/ , accessed 25 July 2013). ထို့ပြင် အနှစ် ၂၃၀၀ နီးပါး သက်တမ်းရှိသည့် မြန်မာ့သမိုင်းတွင် တိုင်းပြည်၏ အာဏာထိုင်ခုံ (၀ါ) ရာဇပလ္လင်သည် နှစ်ပေါင်း ၂၁၇ နှစ်မှလွဲ၍ (ကျန်ကာလများတွင်) အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်း၌သာ တည်ရှိခဲ့သည် ဟူလို။ A History of Myanmar Since Ancient Times: Traditions and Transformations by Michael Aung-Thwin and Maitrii Aung-Thwin (Reaktion Books, 2012) p. 129 ရှု။
[vii] Victor Lieberman, “Reinterpreting Burmese History” in Comparative Studies in Society and History, Vol. 29, No. 1 (Jan., 1987), pp. 162-194.
[viii] ၎င်း - p. 164.
[ix] ၎င်း - pp. 174-182. ကိုးနစ်၏ စာတမ်းအတွက် William J. Koenig. “The Early Kòn-baung Polity, 1752-1819: A Study of Politics, Administration and Social Organization in Burma” (Ph.D. diss., University of London, 1978) pp. 240-241 ကို ရည်ညွှန်းသည်။
[x] ၎င်း - p. 189.
[xi] Aung-Thwin, 1948 And Burma’s Myth of Independence (20-21); Lieberman, Reinterpreting Burmese History (162-163) 
[xii] Michael Aung-Thwin and Maitrii Aung-Thwin, A History of Myanmar (2012) pp. 245-246.  ဤနေရာ၌ ၁၉၆၂ (တပ်မတော် အာဏာသိမ်းချိန်) -၂၀၁၁ (ရွေးကောက်ပွဲများဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်) အပိုင်းအခြားကို ကာလတစ်ခုတည်းအဖြစ် သတ်မှတ်သည်။
[xiii] Robert H. Taylor, “Burmese Concepts of Revolution”, in: Mark Hobart and Robert H. Taylor (ed.) Context, Meaning and Power in Southeast Asia. Ithaca, Cornell University (1986), pp. 79-92. p. 82 ရှု။
[xiv] ဒေါက်တာ ရီရီ၊ “အရေးတော်ပုံကျမ်းများ ပြဿနာ” ကန်သာစိမ်းလဲ့ စာတမ်းများ (မင်းလှစာပေ ၁၉၆၉) စာ။ ၃၀-၆၂။
[xv] Dr. Maung Maung, The 1988 Uprising in Burma (Yale University Southeast Asia Studies, 1999), pp. 172-173.
[xvi] Martin Smith, Burma: Insurgency and The Politics of Ethnicity (Revised and Updated, White Lotus, 1999) pp. 12-13. စမစ် က ၎င်း၏လက်ဝယ်ရှိ စာတမ်းတစ်စောင်ကို ကိုးကားတင်ပြရာတွင် ထိုစာတမ်း၌ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဦးနေ၀င်း နေအိမ်၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး လက်ရှိအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း၊ အတိုက်အခံ လှုပ်ရှားမှုကို ချေမှုန်းရန် နည်းဗျူဟာသစ်များ လိုအပ်သည့်အချက်ကို တက်ရောက်သူများက သဘောတူကြကြောင်း၊ ထိုဗျူဟာ၏ ပထမအဆင့်တွင် ကျောင်းသားများအား လူထုနှင့် ခွဲထုတ်ရန်၊ ဒုတိယအဆင့်တွင် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ခေါင်းမာသူများကို ပွဲသိမ်းချေမှုန်းရန် ဖြစ်ကြောင်း၊ ယင်းအတွက် စစ်သားများကို နိုင်ငံအနှံ့သို့ လျှို့ဝှက်စေလွှတ်ကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်စေရန်၊ ထိုမှတစ်ဆင့် လူထုနှင့် ကုန်သည်ပွဲစားတို့ အနေဖြင့် တပ်မတော်၏ အကာအကွယ်ကို မျှော်လင့်တောင်းခံလာရန်၊ အခြေအနေများ ဆက်လက် ယိုယွင်းလာသည်နှင့်အမျှ လူထုအနေဖြင့် ဦးတည်ရာမဲ့သည့် စိတ်ရှုတ်စရာ ပါတီစုံစနစ်ဆိုသည်ကို သဘောပေါက်လာစေရန် ရည်ရွယ်ကြောင်း၊ ယင်းသို့ဖြင့် မကြာမီမှာပင် တပ်မတော်မှ အာဏာသိမ်းနိုင်ရန် အခြေအနေပေးလာမည်ဖြစ်ကြောင်း၊ အချိန်ကိုက် လုပ်ဆောင်ရန်သာ လိုကြောင်း၊ မင်းမဲ့စရိုက်များ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာပါက တပ်မတော်အနေဖြင့် မြန်မြန် တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အဖျက်လုပ်ငန်းများကို တိုး၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အတွက် ထောင်တွင်းမှ ရာဇ၀တ်သားများကို လွှတ်ပေးကာ ၎င်းတို့သဘောရှိ ဖျက်ဆီးစေမည့်အကြောင်း များ ပါဝင်သည် ဆို၏။ ထိုစာတမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သတင်းစာမှ ပထမဆုံး လက်ခံရရှိကာ ပုံနှိပ်ဖော်ပြခဲ့ပြီး ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ စက်တင်ဘာ လဆန်းတွင် တပ်မတော်ယူနစ်များမှ အစိုးရဂိုဒေါင်များကို ဖောက်ထွင်းပစ္စည်းယူငင်ပြီး လုယက်လိုသူများအတွက် တံခါးဖွင့်ပေးထားခဲ့သည့် သတင်းများလည်း ရှိခဲ့သည်။
[xvii] Bertil Lintner, Outrage: Burma’s Struggle for Democracy (Hong Kong, 1989), p. 126.
[xviii] Dr. Maung Maung (The 1988 Uprising., 1999) pp. 171-173; Aung-Thwins (A History of Myanmar., 2012) pp. 257-259. သို့ရာတွင် ၁၉၈၈ ခုနှစ် အရေးအခင်းများနှင့် ပတ်သက်၍ ပညာရှင် စာတမ်းများ ယနေ့ထိ ထွက်ပေါ်မလာသေးခြင်းကို အောင်သွင်က အသိအမှတ်ပြုသည်။ ၎င်း- p. 302.
[xix] Michael Aung-Thwin, Myth and History in the Historiography of Early Burma: Paradigms, Primary Sources, and Prejudices (Athens and Singapore, 1998), p. 158.
[xx] တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံကို လက်နက်မဲ့ တော်လှန်ရေးအဖြစ် အသိအမှတ် ပြုနိုင်သော်လည်း ယင်းမှာ မြန်မာ အစိုးရမင်းကို ပုန်ကန်ခြင်းမဟုတ်၊ ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးနှင့် ၎င်း၏ အဆက်အနွယ် ဘီအိုစီ ကုမ္ပဏီကို ဆန့်ကျင်မှု၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
[xxi] ၁၉၈၈ ခု မေလနှင့် ဇွန်လတွင်း အငြိမ်းစား ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီး၏ အိပ်ဖွင့်ပေးစာများ ပေါ်ထွက်လာခြင်းမှလွဲ၍ သြဂုတ်လ နှောင်းပိုင်းမှသာ ပါဝါအထက်တန်းလွှာများ စတင် ၀န်းရံလာကြခြင်း ဖြစ်သည်။ “၁၉၈၈ - ၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ”  All Burma Students’ Democratic Front, (Mesarieng, Thailand 2003); Smith (Burma., 1999) pp. 8-9 လည်းရှု။
[xxii] ပုဂံခေတ်မှ မဆလ ခေတ်အထိ ကျင့်သုံးခဲ့သည့် စီးပွားရေးပုံစံမှာ အစိုးရမှ လက်ဝါးကြီးအုပ်ပြီး ဈေးကွက်ကို ဖိနှိပ်သည့် ပုံစံဖြစ်သည်။ သမိုင်းကြောင်း တင်ပြချက်များအဖြစ် Harvey (History of Burma, 1925); J. S. Furnivall, An Introduction to the Political Economy of Burma, Yangon 1931; ဒေါက်တာရီရီ။ “ကုန်းဘောင်ခေတ် စစ်တမ်းများ” မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် Vol. 48 No. 1 (June 1966) pp. 71-127; သန်းထွန်း။ “ရှေးမြန်မာတို့ ၀မ်းစာရှာပုံ” ၊ ပုဂံခေတ် လူမှုရေး (ရာစုစာအုပ်တိုက် ၂၀၀၅);  ရှု။
[xxiii] ဤလက္ခဏာက အောင်သွင်၏ သီအိုရီမှ ဖယ်ခွာပြီး ကိုလိုနီခေတ်မတိုင်မီ မြန်မာ့ထီးနန်း၏ ကိုယ်တိုင်စမ်းသပ်အားထုတ်လိုခြင်းကို အသိအမှတ်ပြုသည့် လီဘာမန် လမ်းကြောင်းနှင့် ပြန်လည်ကိုက်ညီသွားခြင်းကို ညွှန်ပြသည်။

Saturday, August 6, 2016

ဆမ်းဘားမြေကအိုလံပစ်


၂၀၁၆ ခုနှစ် နွေရာသီ "အိုလံပစ်" ပွဲတော်ဖွင်ပွဲကို လာမဲ့သြဂတ်စ်လ (၅) ရက်နေ့ ဘရာဇီးလ်နိုင်ငံ ရီယိုဒီ ဂျေနီးရို "Rio de Janeiro "မှာ ရှိနေတဲ့ မာရာကာနာ MARACANA အားကစားကွင်းကြီးမှာ ကျင်းပပါလိမ့်မယ်။ တရားဝင် " Games of XXXI Olympiad " လို့အမည်တွင်ပါတယ်။ မီဒီယာတွေနဲ့ ကမ္ဘာတဝှမ်းမှာတော့ "Rio 2016" လို့သိကြပြီး ပြိုင်ပွဲတွေကို သြဂတ်စ် ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ "အိုလံပစ်" ဆိုတာအများသိကြတဲ့အတိုင်း (၄) နှစ်တကြိမ် ကျင်းပမြဲဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကမ္ဘာ့နိုင်ငံအသီးသီး မှလက်ရွေးစဉ်အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ အကြီးမားဆုံးသော အားကစားပွဲတော် ကြီးပါ။ ဒီအားကစားပေါင်းစုံ ယှဉ်ပြိုင်ကြမဲ့ ပွဲတော် ကြီး တာဝန်ယူ ကျင်းပတာကတော့ နိုင်ငံတကာ အိုလံပစ် ကော်မီတီ IOC ( International Olympic Committee)ဖြစ်ပြီး အခု " Rio 2016 "ပြိုင်ပွဲမှာဆိုရင် National Olympic Committees ( NOCs) နိုင်ငံ ပေါင်း (၂၀၆)နိုင်ငံက အားကစားသမား စုစုပေါင်း (၁၁၀၀၀) ကျော်ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်လို့ အိုလံပစ် သမိုင်းတလျှောက် န်ုင်ငံအများဆုံးနဲ့ အားကစားသမားအရေအတွက် အများဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ စံချိန်တင် အားကစား ပွဲတော်ကြီး ဖြစ်ပါတယ်။ အိုလံပစ် ပွဲတော်ကို ဒီတကြိမ်မှာမှ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံတွေကတော့ ကိုဆိုဗို နဲ ဆူဒန်တောင်ပိုင်း တို့ ဖြစ်ပါတယ်။ " Rio 2016 " မှာ အားကစား နည်း စုစုပေါင်း (၂၈) မျိုး ထည့်သွင်းကျင်း ပမှာ ဖြစ်ပြီးပထမ ဆုတံဆိပ်အနေနဲ့ ရွေတံဆိပ်စုစုပေါင်း (၃၀၄)နဲ့ အခြား ငွေ ကြေး တံဆိပ်တွေ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီတကြိမ် အသစ်ထည့်သွင်းယှဉ်ပြိုင်စေတဲ့ အားကစား နည်းတွေကတော့" ရပ်ဂ်ဘီ Rugby Sevens " နဲ့ ဂေါ့ဖ် Golf တို့ ဖြစ်ပါတယ်။

ဒီအိုလံပစ်ဟာ တောင်အမေရိကတိုက်မှာ ပထမဆုံးကျင်းပတဲ့ အိုလံပစ် ဖြစ်ပြီး ဆမ်းဘားမြေ ဘရာဇီးလ် မှာဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စား စရာကောင်းပါတယ်။ အင်မတန်ဖော်ရွေပြီး ပျော်ပျော်ရွှင်ရွှင် နေကြတဲ့ ဘရာဇီးလ် ပြည်သူတွေ၊ ဆမ်းဘားတေးသံတွေနဲ့အတူ အရောင်အသွေးစုံတဲ့ ဘရာဇီးလ်လှပျိုဖြူတွေ ရဲ့ဆမ်းဘားအကတွေကို ဖွင့်ပွဲမှာ တဝကြီးကြည့်ရဖို့ ရှိပါတယ်။ အခုတောင် အိုလံပစ် ရွာကိုရောက်နေတဲ့ အိုလံပီယံ( ပြိုင်ပွဲဝင်ကစားသမား) တွေ ဆမ်းဘားအကတွေ ကို ဒေသခံတွေနဲ့အတူ ပျော်ရွှင် မြူးတူးစွာ ကခုန်နေကြပါတယ်။

ဒီကနေ့ခေတ်"အားကစား"ပြိုင်ပွဲတွေဟာနိုင်ငံတကာအလိုက်ယှဉ်ပြိုင်ရတာတွေ များတဲ့အတွက် အနိုင် အရှုံးရလာဒ်တွေ ဟာ နိုင်ငံတွေရဲ့ ဂုဏ်သိက္ခါ နဲ့လည်းဆက်စပ်နေပါတယ်။ ဆုပေးစင်မြင့် မှ ပထမရွှေတံဆိပ်ကို လက်ခံရယူပြီး နိုင်ငံတော် အမျိုးသား သီချင်းကိုအားပါးတရပြိုင်တူဆိုရတဲ့ ခံစားမှုမျိုးဟာ ဘာနဲ့မှလဲနိုင်မယ်မထင်ပါဘူး။ ဆုရတဲ့ အားကစားသမားရဲ့ဝမ်းသာဝမ်းနည်း စိတ်ခံစားမှုအမျိုးမျိုးကို တီဗွီ မျက်နာ ပြင်ပေါ်မှာ ပုံစံအမျိုးမျိုး မြင်တွေ့ရတာကြည့်တဲ့သူတွေထံ ဝမ်းနည်း ဝမ်းသာ ခံစားမူတွေကူးစက်လို့ပေါ့။ သူတို့ရဲ့မျက်ဝန်းမှာ တွဲလောင်းခိုနေတဲ့ မျက်ရည်စတွေ မျက်ရည် မကျအောင်ထိန်းရင်း ဝဲနေတဲ့ မျက်ဝန်းတွေနဲ့ မိမိကိုယ်စား ပြုတဲ့ နိုင်ငံတော်အလံကို အရိုမသေပေးရင်း အမျိုးသား သီချင်းကို လိုက်ဆိုနေတာတွေရောပေါ့။

"အားကစား" ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင် "အားကစားဆိုတာ လူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို အသုံးပြုလှုပ်ရှားပြီး စည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ထားတဲ့ပြိုင်ပွဲတွေမှာ တဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ကစားနည်းတွေ" ဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ အားကစား နည်းပေါင်း (၇၅၀) ကျော်ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကတော့ (၄) နှစ်တကြိမ်ကျင်းပတဲ့ " "အိုလံပစ်" သမိုင်းကို ပြန်လည်မိတ်ဆက်ရလျှင် အိုလံပစ် ကို စတင်ကျင်းပခဲ့တဲ့ နိုင်ငံကတော့ ဒီမိုကရေစီ ကို စတင်ကျင့်သုံးခဲ့တဲ့ " ဂရိ" ဖြစ်ပြီး ဒီမိုကရေစီကို စတင်ကျင့်သုံးခဲ့တဲ့ နှစ်ထက် အများကြီးစော ပြီး ဘီစီ (၇၇၆)မှာအစပြုခဲ့တာ ဖြစ်ပါတယ်။ ဂရိ ရဲ့ အိုလံပီယာ အရပ်မှာရှိတဲ့ ဇူး(စ်) Zeus ဆိုတဲ့ ဘာသာရေးအထွတ်အမြတ် ထားတဲ့နေရာ မှာ (၄) နှစ်တကြိမ်ကျင်းပတဲ့ ဘာသာရေးနဲ့ငြိမ်းချမ်းရေး ပွဲတွေမှာ ထည့်သွင်းယှဉ်ပြိုင်တဲ့ အားကစား ပွဲတော် ဖြစ်ပြီး ကနဦးအနေနဲ့ one-stade လို့ခေါ်တဲ့ ပေ(၆၃၀) အပြေးပြိုင်ပွဲ ဖြစ်ပြီး (၁၄) ကြိမ် ဆက်တိုက် ဒီတမျိုးပဲကျင်းပခဲ့တာပါ။ Pentathlon လို့ခေါ်တဲ့ (၅)မျိုးစုံပြိုင်ပွဲကို ဘီစီ (၇၀၈) မှာထည့်သွင်းခဲ့ပြီး အဲဒီ (၅) မျိုးစလုံးဒီကနေ့ထိ ယှဉ်ပြိုင်ကစားနေတဲ့ အလျှားခုန်၊လှံတံပစ်၊ သံပြားဝိုင်းပစ်၊ နပန်း နဲ့ တာတို အပြေးတို့ ဖြစ်ကြပါတယ်။ ဘီစီ (၆၈၈) မှာ လက်ဝှေ့ ဘီစီ (၆၄၈) မှာလက်ဝှေ့နဲ့ နပန်း ပေါင်းထားတဲ့ Pankration စတာတွေ ထည့်သွင်းယှဉ်ပြိုင်စေပါတယ်။ ပြိုင်ပွဲအားလုံး အမျိုးသားတွေသာဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အဲဒီလို ကျင်းပလာတဲ့ အိုလံပစ်ပြိုင်ပွဲဟာ ရောမ အင်ပါယာ ဧကရာဇ်ဖြစ်တဲ့ သီအိုဒိုစီးယက်စ် Theodosius ခေတ် အေဒီ (၃၉၃) မှာ ခွင့်မပြုလို့ ဆက်မကျင်းပဖြစ်ခဲ့တာကစပြီး ခေတ်သစ် အိုလံပစ် ပြန်ကျင်းပခဲ့တဲ့ အချိန်ထိ နှစ်ပေါင်း (၁၅၀၀) လောက်ကြာခဲ့ပါတယ်။

ဒီကနေ့ ခေတ်စားနေတဲ့ အားကစား နည်းမျိုးစုံဟာ ၁၇ ရာစု နဲ့ ၁၈ ရာစုလောက်မှာ ပိုမို ဖွံ့ဖြိုးလာပြီး (၁၉) ရာစုလောက် ရောက်တဲ့အချိန်မှာတော့ စည်းမျဉ်းဥပဒေတွေနဲ့ စံသတ်မှတ်ပြီး ဖြစ်နေပါပြီ။ နောက်ပိုင်း ကစားနည်း တော်တော် များများကို အထက်တန်းကျောင်းတွေ၊ ကောလိပ် တွေမှာ ပိုမိုကြီးထွားလာပြီး အားကစားတွေ ကစားခြင်း ဖြင့် စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအတွက် "အားကစား" စံတွေ ဖြစ်ပေမဲ့ ကစားနည်း စည်းကမ်းတွေ၊ ဥပဒေတွေ စံအဖြစ်သတ်မှတ်ပြီးနောက်မှာ ကြေးစား အားကစားသမားတွေ အသွင်နဲ့ အဖွဲ့တွေ အဖြစ်ဖွဲ့စည်း တိုးတက်လာပါတယ်။ မော်ဒန်ခေတ်ရဲ့ အိုလံပစ် အစောပိုင်းမှာ အပျော်တန်းအားကစားသမားတွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပေမဲ့ မှာ ဒီနေ့ခေတ်မှာ ဘော်လုံးပြိုင်ပွဲက လွဲလို့ ကျန်တဲ့ အားကစားပြိုင်ပွဲတွေမှာ ကမ္ဘာတလွှားက ပရော်ဖက်ရှင်နယ်လ် အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါပြီ။ ဘော်လုံးမှာ FIFA က ၄ နှစ် တကြိမ်ကျင်းပတဲ့ ကမ္ဘာ့ ဖလာပြိုင်ပွဲကကြီး ကျယ်လွန်းလှသလို သူနဲ့ တန်းတူ ပွဲကိုတော့ခွင့် ပြုဖို့ မရှိပါဘူး။ အခုနောက်ဆုံ သတ်မှတ်ချက်အရ အပျော်တန်း/ ကြေးစား မရွေး အသက် (၂၃) အောက် ( ၂၃ အထက် ၃ ဦးခွင့် ပြု) များကိုသာပြိုင်ပွဲဝင်ဖို့ သတ်မှတ်ထာပါတယ်။

မော်ဒန်ခေတ် ပထမဆုံး အိုလံပစ်ပွဲကိုတော့ (၁၈၉၆) ခုနှစ် ဂရိ ရဲ့ အေသင်မှာ ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီ မွေးဖွားခဲ့တဲ့ နေရာပေါ့။ နိုင်ငံပေါင်း (၁၄)နိုင်ငံက အမျိုးသား အားကစားသမားပေါင်း (၂၄၁) ယောက်ဟာပြိုင်ပွဲအမျိုးအစားပေါင်း (၄၃) မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမေရိကန်တို့က ပထမနေရာ (၁၁) ခု နဲ့ အများဆုံးန်ုင်ကြပြီး အမေရိကန် က James Connelly ကပြိုင်ပွဲ ပထမနေ့မှာ ကျင်းပခဲ့တဲ့ သုံဆင့်ခုန်ပြိုင်ပွဲမှာ အနိုင်ရပြီး ပထမဦးဆုံး အိုလံပစ် ချန်ပီယံ အ ဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပဲရစ်စ်မှာ ကျင်းပတဲ့ (၁၉၀၀)မှာ အမျိုးသမီးအားကစား သမား (၂၂) ရောက် ဟာ ကစားနည်း (၅) မျိုး ဖြစ်တဲ့ တင်းနစ်၊ရွက်လှေ၊ဂေါ့ဖ်၊ မြင်းစီးနဲ့ Croquet လို့ခေါ်တဲ့ မြေစိုက် သံကွင်းတွေထဲကို သစ်သားဘော်လုံးတွေ ရိုက်သွင်းရတဲ့ ကစားနည်းတို့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် အိုလံပစ်ပြိုင်ပွဲတွေကို နွေရာသီမှာပဲ ကျင်းပလေ့ရှိပါတယ်။ နောက်ပိုင်း ၁၉၂၄ မှာ ဆောင်းရာသီအိုလံပစ် Winter Olympic ကို သီးခြားကျင်းပလာတဲ့အခါ ပုံမှန်ကျင်းပလာတဲ့ အိုလံပစ် ကို နွေရာသီအိုလံပစ် Summer Olympic လို့ခေါ်တွင်လာပါတယ်။ ၁၉၆၀ ကစပြီး မသန်မစွမ်းအားကစား သမားတွေအတွက် အိုလံပစ် Paralympic ကို စတင်ကျင်းပလာခဲ့ပါတယ်။ အများအားဖြင့် နွေရာသီ အိုလံပစ် ကျင်းပတဲ့နေရာမှာပဲ ဆက်ပြီး "Paralympic " ပြိုင်ပွဲ ကျင်းပတာ ဖြစ်ပါ တယ်။ခေတ်သစ် အိုလံပစ် မှာ ပထမကမ္ဘာစစ်ကြောင့် ၁၉၁၆ နဲ့ ဒုတိယ ကမ္ဘာစစ်ကြောင့် ၁၉၄၀ ၁၉၄၄ ခုနှစ်တို့မှာ ပြိုင်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

အိုလံပစ် ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတဝှမ်း က လူမျိုးဘာသာ၊ယဉ်ကျေးမှု မတူတာတွေ ပဓာနမထားပဲ၊အသားအရောင်မခွဲခြားပဲ လူသားအားလုံးအကြား ချစ်ကြည်ရင်း နှီးမှုရှိလာစေရန် နှင့် လူသားတွေ အကြားသဘောထားကြီးပြီး တယောက်အပေါ်တယောက် စိတ်ရှည် သည်းခံနိုင်ဖို့ပါ။ နောက်တခုကတော့ ကမ္ဘာတလွှား မတူညီတဲ့အရပ်မှာနေထိုင်နေကြတဲ့ နိုင်ငံတကာ က ပါရမီရှင်တွေ ကို သူတို့စွမ်းရည် ပြသနိုင်ဖို့ အသိအမှတ်ပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်တော့ အားကစားပြိုင်ပွဲတွေဟာ ဒီထက်ပိုမိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် တခုကျော် က အမေရိကန် မှ အဘိဓမ္မာ ပညာရှင် တဦး ဖြစ်တဲ့ William James မှ စစ်ပွဲတွေမရှိတဲ့ အချိန်တွေမှာ စစ်ပွဲတခုမှာထားရှိရမဲ့ကျင့်ဝတ်နဲ့ ညီတဲ့ ဝန်းကျင်တစုံတခုကိုရှာဖို့ ဖန်တီးဖို့ရှာဖွေဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။ သူဆိုလိုချင်တာက စစ်တိုက်စရာမလိုပဲ လူသားတွေကို ကျန်းမာသန်စွမ်းပြီး ခံနိုင်ရည်ရှိလာနိုင်တဲ့၊ မိမိကိုယ် ကိုအနစ်နာခံ စွန့်လွှတ်နိုင်တဲ့၊ မိမိကိုယ် ကို စည်းကမ်းထိန်းသိမ်း ပြုပြင်နိုင်တဲ့ ပုံစံမျိုးပါ။ နောက်ဆုံးတော့ အားကစား တခုသာ ဒီလိုချက်တွေ ဖြည့်စည်း ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ အထူးသ ဖြင့်အားကစား မှာ နိုင်ငံရေးသာမက ဘာသာရေး၊ လူမျိုးရေးတွေ ပါဝင်ဆက်စပ်နေလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ လာဘ်ပေးလာဘ်ယူ အရှုပ်အရှင်းတွေ မရှိသေးတဲ့အချိန် (၂၀၀၆) လောက်တုံးက UN အတွင်းရေးမှုး ကိုဖီအာနန်ဟာ သူတို့ရဲ့ ကမ္ဘာ့နိုင်ငံရေး အဖွဲ့အစည်းကြီးကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်လောက် စုစည်းမှုရှိရင် သိတ်ကောင်းမှာပဲ လို့ဆိုခဲ့ပါတယ်။ နှစ်ဖွဲ့စလုံး တကမ္ဘာလုံး ကို ကိုယ်စား ပြုတဲ့အဖွဲ့တွေ ဆိုပေမဲ့ လူအများစုက ဘောလုံး အကြောင်းပဲ ပြောကြ စိတ်ဝင်စားကြတာ ရယ်၊ နိုင်ငံရေးမှာ မရှိတဲ့ ပွင့်လင်း မြင်သာမှု တွေကို FIFA မှာတွေ့နိုင်လို့လည်းပါ ပါတယ်။

အဲဒီလိုပဲ ဒီနေ့ခေတ်ငြိမ်းချမ်းရေး ကာလမှာ အိုလံပစ် ဟာကမ္ဘာမှာ အကြီးမားဆုံး ပြိုင်ပွဲ ဖြစ်ပါတယ်။နိုင်ငံအသီးသီးရဲ့ အစိုးရတွေဟာ နိုင်ငံရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာ့နိုင်ငံတွေအကြား အာရုံစိုက်မှု ရဖို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ စစ်တလင်းတွေမှာ စစ်ခင်းမဲ့အစား အားကစားနည်း အမျိုးမျိုးကို အားကစားကွင်း အသီးသီးမှာ ယှဉ်ပြိုင်နေကြပါတယ်။ တိုက်ပွဲဝင် လူငယ်စစ်သည်တော်တွေအစား လူငယ်အားကစားသမား များစွာမွေးထုတ်လာကြပါတယ်။
အိုလံပစ်ပြိုင်ပွဲ ဟာ နိုင်ငံတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ညွှန်းဆိုနေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေဟာ အိုလံပစ်နဲ့ ဆက်စပ်တာတွေကို အလေးထားကြပါတယ်။ အထူးသဖြင့်ကွန်မြူနစ်နိုင်ငံတွေ ကသူတို့နိုင်ငံသားတွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်သာလွန်တယ် ဆိုတာပြသဖို့ အားကစားသမားတွေကို ငွေကြေးအကုန်ခံ သုံးစွဲလေ့ကျင့်စေပါတယ်။ စစ်အေးခေတ် အမေရိကန် နဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ရဲ့ ရဲ့ပြိုင်ပွဲတွေက ပြင်းထန်လှပါတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခ ဖြစ်မဲ့နေရာကို အားကစားကွင်းတွေမှာ ယှဉ်ပြိုင် အနိုင်ယူတာနဲ့ အစားထိုးလာကြပါတယ်။ ဘယ်လိုပဲပြိုင်ပွဲတွေ ပြင်းထန်နေတဲ့ကြားမှာပဲ အ ပြန်အလှန်လေးစားမှုတွေနဲ့ အားကစားသမား ပီသမှုတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ၂၀၀၈ ဘီဂျင်းအိုလံပစ်က စလို့ တရုတ်တွေဟာ အအောင်မြင်ဆုံး ပထမနေရာကို ရယူလာပြီး စီးပွါးရေးရောအားကစားမှပါ အမေရိကန်ကို သူတို့ ကျော်ဖြတ်တော့မယ် ဆိုတာ ပြသလာကြပါတယ်။ ဒီလိုနဲ့ အားကစားဟာနိုင်ငံတွေရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ပေးတဲ့ နိုင်ငံ့ဂုဏ်ဆောင် ပေးတဲ့အရာတခု ဖြစ်ခဲ့ပါပြီ။

အိုလံပစ် သမိုင်းတလျှောက် နိုင်ငံရေး အခြေအနေ ကြောင့်ပြိုင်ပွဲမှာ ဝင်ခွင့်မရခဲ့တာတွေ၊ စစ်အေးကာလ မှာမကျေနပ်လို့ သပိတ်မှောက်ခဲ့ တာတွေလည်း စုံလို့ပါပဲ။ ပထမဆုံးအနေနဲ့ ၁၉၂၀ အိုလံပစ်မှာ ပထမကမ္ဘာစစ်မှာ စစ် ရှုံးတဲ့သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ဂျာမဏီ၊ ဟန်ဂေရီ၊ တူရကီ တို့ ပါဝင်ခွင့်မရပါဘူး။ ၁၉၄၈ လန်ဒန် အိုလံပစ်မှာ စစ်ရှုံးတဲ့ ဂျပန်နဲ့ဂျာမဏီတို့ ဝင်မပြိုင်ကြပါဘူး။ ဆိုဗီယက် ပြည်ထောင်စုက ၁၉၅၂ ထိပြိုင်ပွဲမဝင်ခဲ့ပါဘူး။ ဆိုဗီယက်တွေ အာဖဂန်နစ်စ်တန်ကို ၁၉၇၉ ဒီဇင်ဘာမှာ ကျုးကျော်ပြီးနောက် အမေရိကန်သမ္မတ ဂျင်မီကာတာ က မှာ ၁၉၈၀ မှာကျင်းပမဲ့ မော်စကို အိုလံပစ်ကို နေရာပြောင်းကျင်းပဖို့ IOC ကို တောင်းဆိုခဲ့ပေမဲ့ IOC က ငြင်းခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ (၆၀) ကပြိုင်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ လက်စားချေတဲ့အနေနဲ့ ဆိုဗီယက် နဲ့ အပေါင်းအပါ ကွန် မြူနစ် (၁၃)နိုင်ငံတို့ ၁၉၈၄ လော့စ်အင်ဂျလိစ် အိုလံပစ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။

အိုလံပစ် သမိုင်းမှာ အဆိုးရွှားဆုံးအဖြစ်ကတော့ ၁၉၇၂ အနောက်ဂျာမဏီ မှာကျင်းပတဲ့ မြူးနစ် အိုလံပစ်ပါ။ ပါလစ်စတိုင်းမှ Black September အဖွဲ့ဝင် အကြမ်းဖက်သမားတွေ ကြောင့်စုစုပေါင်း လူ(၁၇)ဦး သေဆုံးခဲ့ရတဲ့ ဝမ်းနည်းစရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Black September Attack လို့ အများသိကြပြီး အိုလံပစ်အားကစားရွာထဲ ဝင်ရောက်ကာ အစ္စရေး အားကစားသမားတွေနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ထိုနေရာမှာပဲ (၂) ယောက်သေဆုံးသွားခဲ့ပြီး အခြား (၉) ယောက်ကို ဓားစာခံ အဖြစ်ခေါ်ဆောင်သွားပြီး အစ္စရေးတို့ဖမ်းဆီးထားတဲ့ အာရပ် ဓားစာခံတွေနဲ့ လွှတ်ပြီး အလဲအလှယ် လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ ညှိ နှိုင်းမရတဲ့အဆုံး လေဆိပ်မှာ အပြန်အလှန်ပစ်ခတ်ကြပြီးအစ္စရေး ဓားစာခံ (၉)ဦးစလုံး ဆုံးပါးခဲ့ရပါတယ်။ အကြမ်းဖက်သမား (၈) ဦးအနက် (၅) ဦးလည်းသေဆုံးခဲ့ပါတယ်။ အစ္စရေး အားကစားသမား(၅)ဦး၊ နည်းပြ (၆) ဦးနဲ့ ဂျာမဏီ ရဲ(၁)ဦးတို့ ဆုံးရှုံးခဲ့ရပါတယ်။ အိုလံပစ် ပြိုင်ပွဲ ကို (၂၄)နာရီ ရပ်နားခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို အိုလံပစ်ရွာမှာ ကျင်းပခဲ့ပါတယ်။ အိုလံပစ် ဥက္ကဌ Avery Brundage မှအိုလံပစ် ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ ညွန်ကြားခဲ့ပါ တယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်က" အကြမ်းဖက် သမားတွေ "ဘယ်တော့မှ အနိုင်မရခဲ့ဘူး ဆိုတာပါ။ ၁၉၇၂ မြူးနစ် အိုလံပစ် ဟာ အိုလံပစ်သမိုင်းမှာတော့ ဖြစ်ရပ်ဆိုးကြုံခဲ့တဲ့ ဝမ်းနည်စရာ အိုလံပစ် ဖြစ်ခဲ့ပါတယ်။

" Rio 2016 " မှာ မြန်မာနိုင်ငံလည်း ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး အားကစား နည်း (၅) မျိုးမှာအားကစားသမား စုစုပေါင်း (၇) ယောက်ယှဉ်ပြိုင်မယ်လို့ စာရင်းအရ သိရပါတယ်။" မြားပစ်"စန်းယုထွေး၊ ပြေးခုန်ပစ်မှာ"စန်းနိုင် နဲ့ဆွေလီမြင့်၊ ဂျုဒို မှာ ရန်နိုင်စိုး ၊ သေနတ်ပစ် မှာ နောင်ရဲထွန်း၊ ရေကူးမှာ မြတ်သင့် နဲ့ အိအိသက် တို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ မြန်မာနိုင်ငံ အနေနဲ့ ၁၉၇၆ ခုနှစ် ကနေဒါမှာကျင်းပတဲ့ မွန်ထရီရယ် အိုလံပစ်ကလွဲရင် ကျန်တဲ့ နွေရာသီ အိုလံပစ် ပွဲတွေမှာ အမြဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာဘောလုံးအသင်း အအောင် မြင်ဆုံး အချိန် ဖြစ်တဲ့ ၁၉၇၀ ဝန်းကျင်မှာ အိုလံပစ် ခြေစစ်ပွဲအောင်မြင်ပြီး ၁၉၇၂ ခုနစ် မြူးနစ် အိုလံပစ်မှာ ဝင်ရောက် ယှဥိပြိုင်ခဲ့ပါတယ်။ အုပ်စုပါတ်လည်ပြိုင်ပွဲ မှာ ဆူဒန်ကို ၂-၀ နဲ့နိုင်ပြီး ဆိုဗီယက် ပြည်ထောင်စုနဲ့ မက္ကစီကို တို့ကို ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခဲ့ရပေမဲ့ မြန်မာ့ဘောလုံး သက်တမ်းတလျှောက် အအောင်မြင်ဆုံး မြန်မာ့ဂုဏ်ဆောင် အသင်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲဝင်တဲ့သက်တမ်းတလျှောက် ပြီးခဲ့တဲ့ ၂၀၁၂ လန်ဒန် အိုလံပစ် ပွဲအထိ ဆုတံဆိပ် တခုမှ ဆွတ်ခူးရရှိထားတာ မရှိသေးပါဘူး။

" Rio 2016 " မှာတား မြစ်ဆေးသုံးလို့ ရုရှအားကစားသမား တချို့ပြိုင်ပွဲ ဝင်ခွင့်မရတာတွေ၊ ZIKA Virus ကြောင့် အချို့ နာမည်ကျော် အားကစားသမားတွေ ဘရာဇီးလ် ကိုသွားရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ဖျက်ခဲ့တာတွေ နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ ဘရာဇီးလ်နိုင်ငံရေး အခြေအနေ( အစိုးရမှ အိုလံပစ်အတွက် ငွေကြေးအလုံးအရင်း သုံးတာကို ကန့်ကွက်ဆန္ဒ ပြနေတာတွေ) ကလွဲရင် ဆမ်းဘားမြေရဲ့ အိုလံပစ်ဟာ ကမ္ဘတလွှားက အနိဌါရုံ တချို့ကိုမေ့ထားပြီး အင်မတန်အေးချမ်း စည်းလုံးပျော်ရွှင်နေတဲ့ အရောင်အသွေးစုံတဲ့ နိုင်ငံတကာက အိုလံပီယံ တွေရဲ့ ပြိုင်ပွဲ တွေ ကိုရင်သပရှုမောခံစားနိုင်ပါစေ။
ဆမ်းဘားတေးသွားတွေ အကတွေရှုစားရင်း ဘဝအမောတွေ ပျောက် ပြယ်ပါစေ။
("Rio 2016 "ဖွင့်ပွဲအချိန်မှာ မြန်မာစံတော် ချိန်အနေနဲ့ သြဂတ်စ်လ ၆ ရက် မနက် ၅:၃၀ ဖြစ်ပါတယ်)

Thet Winn Tint


image: 1img.org

တရုတ်-မြန်မာ ၃.ဝ

မြန်မာနိုင်ငံသမိုင်းသစ် ၏ လမ်းဆုံလမ်းခွသို့ရောက်ရှိခြင်း

တကယ်လို့များ နိုင်ငံရေးဝါသနာပါတဲ့သူ တယောက်ယောက်ကို ဒီနေ့တရုတ်ပြည်အပေါ် ဘယ်လိုမြင်သလဲ မေးကြည့်ရင် စီးပွားရေးအရနိုင်ငံတော်ကဦးဆောင်တဲ့ အရင်းရှင်စံနစ် (State Capitalism) ဖြစ်ပြီး နိုင်ငံရေးအရ လူထု အပေါ် ဖိနှိပ်ချုပ်ချယ်မှု နဲ့ အစိုးရအရာရှိတွေရဲ့ ခြစားမှုတွေနဲ့ ပြည့်နေတဲ့ နိုင်ငံပါလို့ ပြန်ကြားရဖို့ရှိနေပါတယ်။ ဒါပေ မယ့် ဒီအနေအထားကို ကြာကြာထိန်းထားလို့မရနိုင်ဘူး ဆိုတာကို တရုတ်ခေါင်းဆောင်တွေက သိနေတယ်။ တရုတ် နိုင်ငံရေး သိပ္ပံပညာရှင်တွေကလည်း လေ့လာထောက်ပြနေကြတယ်။ တရုတ်ပြည်တွင်း ပြသနာတွေ လိပ်ခဲ တင်းတင်း ဖြစ်နေတာတော့ ကြာပါပြီ။ တကယ့်ဇတ်လမ်းက ၂၀၁၂ မှာ ပိုပီပြင်လာတာပါ။

တရုတ် ၃.ဝ

၂၀၁၂ ဇန္န၀ါရီ မှာ ဂွမ်ဒေါင်းကရွာတရွာမှာ ကျေးရွာအဖွဲ့အစည်းပိုင်မြေတွေကို လာဘ်စားပြီး ဈေးပေါပေါနဲ့ ရောင်းထုတ်လိုက်တဲ့ အရာရှိတွေကို ဖြုတ်ပစ်ဖို့ လူထုကို ဆန္ဒမဲပေးခွင့် ပြုခဲ့တယ်။ လူမှု မငြိမ်သက်မှုကို နိုင်ငံရေး လွတ်လပ်ခွင့် နဲ့ ဖြေရှင်းအောင်မြင်တဲ့ အတွေ့အကြုံကောင်းတခုကို တရုတ်ရလိုက်တာပါ။ ဖေဖော်ဝါရီမှာ ကမ္ဘာ့ ဘဏ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးမှုနဲ့ပြင်ဆင်ရေးကော်မရှင်က အစီရင်ခံစာမှာဈေးကွက်ပြင်ဆင်မှုတွေလုပ်ဖို့ ပါလာခဲ့တယ်။ မတ်လ ရောက်တော့ ချုံကင်းပါတီအကြီးအကဲ ဘိုလျောက်လိုင် (Boxilai) ကိုပါတီကနေထုတ်ပြီး ထောင်တသက် ပစ်ဒါဏ် ပေးခဲ့တယ်။ (ဘို ဟာ မော်ဝါဒီတဦးဖြစ်ပြီး ပူတင်ပုံစံအုပ်ချုပ်ရေးနဲ့ ချုံကင်းကို ထိမ်းထားတဲ့ လက်ဝဲသစ် တဦးပါ။ သူ့ရဲ့ တကယ့် ပြဿနာက သူတို့ပိုင်ဆိုင်မှုတွေနဲ့လုပ်ငန်းတွေ၊ သူ့သားနိုင်ငံရပ်ခြား ကျောင်းပညာရေးတွေ အားလုံး ကြားခံ ဆောင်ရွက်နေတဲ့အင်္ဂလိပ်တယောက်သေဆုံးမှုနဲ့ အဓိကပတ်သက်ပါတယ်။ ဘို ဟာ တရုတ် ဗဟိုက ၉ဦး ပေါ်လစ်ဗျူရို ထဲမှာ ၁၈ကြိမ်မြောက်ကွန်ဂရက်မှာ ပါမယ်လို့ထင်ကြေးပေးခံထားရသူပါ။ ၂၀၁၂ တရုတ် ကွန်မြူနစ်ပါတီ၁၈ကြိမ်မြောက်ကွန်ဂရက်ဆိုတာ ရှီကျင်းပင်ကိုအာဏာလွှဲပြောင်းတဲ့ကွန်ဂယက်ပေါ့။ ဆိုတော့ သူပြုတ် သွားတာဟာ အပြောင်းအလဲ ကြီး တခုလို့ပြောရမှာ ပါပဲ)။ တရုတ် ကြွယ်ဝမှု နဲ့ အတူတွဲ နေတဲ့ ခြစား မှုတွေနဲ့ လူမှု အကျပ်အတည်း အသစ်တွေဟာ တရုတ်ကို ခေတ်ဟောင်းကို ပြန်မျှော်ကြည့် စေခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် ဘို နဲ့ သူ့မိန်းမကို ရှင်း လိုက်တာ၊ ရှီကျင်းပင် လူမြင်ကွင်းက ခန ပျောက်သွားတာ၊ ထင်ရှားတဲ့ ခေါင်းဆောင် တချို့ အရေး မပါတဲ့ နေရာတွေ ပထုတ်ခံရတာတွေ စတဲ့ ပြည်တွင်း အကျပ်အတည်းတွေ အပြင် နိုင်ငံရပ်ခြားကို ကြည့်တော့ ဂျပန် နဲ့ တင်းမာမှုလည်း ကြီးထွားလာခဲ့တာတွေ့ရတယ်။ ဆိုတော့ ဒါဟာ တိန့်ရှောင်ဖိန် သတ်မှတ်ခဲ့တဲ့ ဖွင့်ထုတ်ခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်း (Opening and Reform) ခေတ်တခေတ် တကယ်ကုန်ဆုံး သွားပြီး နောက်ထပ်အဆင့်တခုထဲ ၀င်ရောက်ဖို့ လိုလာပြီ ဆိုတာကို တရုတ်ခေါင်းဆောင်တွေ သဘောပေါက်လာ ကြတယ်။

တရုတ်တွေကသမိုင်းကို နှစ်၃၀တခါလောက်ပြောင်းလဲတိုးတက်နေတယ်လို့ သတ်မှတ်တယ်။ တရုတ် ၁.၀ ဟာ မော်စီတုန်းလက်ထက်ဖြစ်ပြီး ၁၉၄၉ ကနေ ၁၉၇၈ အထိသတ်မှတ်ထားတယ်။ အဲသည်အချိန်ကို ကြည့်တော့ စီးပွားရေးမှာ စီမံကိန်းစနစ်၊ နိုင်ငံရေးမှာ လီနင်ဝါဒ နဲ့ နိုင်ငံခြားရေးပေါ်လစီအနေနဲ့ တကမ္ဘာလုံးကို တော်လှန်ရေး သဘောတရား တွေတင်ပို့ဖို့ပဲ။ တိန့်ရှောင်ဖိန်လက်ထက်ကစတဲ့ တရုတ် ၂.၀ ကို ၁၉၇၈ ကနေ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှာ အမေရိကန်က လေးမင်းဘရားသား ဘဏ် ပြိုကွဲသွားတဲ့ ၂၀၀၈ အထိသတ်မှတ်တယ်။ စီးပွားရေး မှာ တရုတ်ကြံအင် လက္ခဏာတွေနဲ့ညီညွတ်တဲ့ ဆိုရှယ်လစ် စံနစ်လို့ဆိုတဲ့ ပို့ကုန်အဓိကဈေးကွက်စံနစ်၊ တိန့်အင်မင် အရေးအခင်းကို ဖြတ်သန်းခဲ့ရတဲ့ အဲသည်ခေတ် နိုင်ငံရေးကတော့ ခေါင်းဆောင်တွေခြင်း ညှိနှိုင်းသဘောတူညီမှုနဲ့ သွားရမယ့် တည်ငြိမ်မှု ဦးစားပေးပုံစံ၊ နိုင်ငံခြားရေးပေါ်လစီမှာ ကြောင်လက်သည်းဝှက် (နိုင်ငံတကာမှာ အေးအေး ဆေးဆေး နဲ့ဘယ်ဘက်မှဝင်မယိမ်းပဲ လူမြင်ကွင်းမထွက်ပဲ တရုတ်တိုးတက်ရေးကို ဇောက်ချလုပ်ဖို့) တို့ပဲဖြစ်တယ်။ တိန့်ရှောင်ဖိန်လက်ထက်မှာ တရုတ်အတွက် နယ်ပယ်၃ခုကို မပြတ်လေ့လာဖို့နဲ့ မြှင့်တင်ဖို့ သတိပေးသွားခဲ့တယ်။ အဲဒါတွေက ကြွယ်ဝခြင်း (Affluence)၊ တည်ငြိမ်ရေး (Stability) နဲ့ ပါဝါ (Power) တို့ဖြစ်တယ်။ ပြန်ကြည့်တော့ စီးပွားရေး၊ နိုင်ငံရေး နဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အမြဲဆန်းစစ်နေစေရေးပဲဖြစ်တယ်။

ဒါပေမယ့်ဒီသုံးချက်စလုံးမှာ ပြသနာအသစ်တွေပေါ်ပေါက်နေတာတွေ့ရပြန်တယ်။ ပြီးခဲ့တဲ့ဟူ-၀မ် (ဟူဂျင် တောင် နဲ့ ၀မ်ကြားပေါင်) ခေတ်ကိုတရုတ်တွေက ဆုံးရှုံးဆယ်စုနှစ်လို့ သတ်မှတ်တယ်။ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ် တာတွေကို သေသေချာချာ မလုပ်နိုင်ခဲ့ကြဘူးလို့ဆိုတယ်။ တရုတ် ၃.၀ ဟာ ဒီနယ်ပယ်သုံးခုမှာ ဆက်ပြီး အဖြေ ရှာကြရလိမ့်မယ်။ အပြောင်းအလဲဟာ အခြေခံမှာကို ရှိမယ် ကြီးမားမယ်လို့ ယူဆထားကြတယ်။ တရုတ် ၁.၀ ခေတ် ၁၉၄၉ ကလို ကွန်မြူနစ်စံနစ်ကိုစတည်လိုက်တဲ့ အပြောင်းအလဲမျိုး၊ ၁၉၇၉ တရုတ် ၂.၀ မှာလုပ်ခဲ့တဲ့ ကမ္ဘာ့ ဈေးကွက် ထဲ စ၀င်လိုက်တဲ့ အပြောင်းအလဲမျိုး၊ အခုလုပ်မယ့် အပြောင်းအလဲဟာ ကြီးမားမယ်လို့ နမူနာပေး ပြောကြတယ်။ ဒါပေမယ့် အဲဒီခေတ် ၂ခုစလုံးနဲ့မတူတဲ့ ပြသနာ တခုရှိနေတယ်။ အဲဒါကဘာလည်း ဆိုတော့ အခု တရုတ် ၃.၀ မှာ ဟိုတုန်းကပြောင်းသလို မှီငြမ်းသွားရမယ့် နိုင်ငံတကာ မော်ဒယ် မရှိဘူးဖြစ်နေတယ်။ ဘာကိုးကားစရာမှ မရှိ၊ ရှောင်ရန် ဆောင်ရန်တွေမရှိဖြစ်နေတယ်။ ခုအချိန်က ပီကင်းမျှခြေ ပြန်ရှာနေရုံသက်သက်မဟုတ်ဘူး။ အနောက် မှာလည်း ပြသနာတွေနဲ့ သူတို့မလည်း သုမနကျောလို ဒါဏ်ရာတွေနဲ့ မလား။ ရှီကျင်းပင် ဦးဆောင်တဲ့ တရုတ် ၃.၀ ဟာ မြေပုံ မရှိတဲ့ နယ်မြေသစ်တခုထဲမှာ။ ရှေ့ကို စမ်းတ၀ါးဝါး ၀င်လာခဲ့ကြတယ်။

လက်ဝဲသစ် နဲ့ လက်ယာသစ်

၂၀၁၂ နောက်ပိုင်းမှာ တရုတ်အနာဂတ်ဆိုတဲ့ ဒီဘိတ်ဟာ တရုတ်ပညာရှင်တွေနဲ့ ကွန်မြူနစ်ပါတီ အတွင်းမှာ လျှံကျလာတယ်။ အရင်ကသူတို့ဟာ ရွေးကောက်ပွဲနဲ့မျှင်းသွားတဲ့ ပုံစံတွေကိုကြည့်တယ်။ ဥပမာ မသေမရှင် အတိုက် အခံပါတီ နဲ့ စင်ကာပူပုံစံအာဏာရှင်တို့က အစ မြန်မာပုံစံတွေအထိပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေ ရေရှည် မှာ အလုပ်မဖြစ်နိုင်ဘူး ဆိုတာသူတို့ ရိပ်မိပါလိမ့်မယ်။ ဒီမိုကရေစီ ကိုပဲလုံးဝ ၀င်လိုက်ဖို့ ထိုင်ဝမ် သက်ရောက်မှု တွေကို လေ့လာတယ်။ တရုတ်တွေ ထိုင်ဝမ်ကိုကောင်းကောင်းလေ့လာရပါတယ်။ တရုတ်အခံ ယဉ်ကျေးမှု ဟာ ဒီမို ကရေစီ နဲ့ မနီးစပ်ဘူးဆိုတာကို ထိုင်ဝမ်က ပယ်ဖျက်နိုင်ခဲ့လို့ပါ။ ခုတော့ သူတို့ ပြည်တွင်းကိုပြန် လှည့်ကြည့် ကြပြီ။ တရုတ်ဒေသ ၂ ခုဖြစ်တဲ့ ချူံကင်း (Chongqing) နဲ့ ဂွမ်ဒေါင်း (Guangdong) ကို သူတို့လေ့လာခဲ့ ကြတယ်။ ဒီမော်ဒယ် နှစ်ခုကြား ခုအားပြိုင်နေကြတယ်။ ဂွမ်ဒေါင်းဟာ ကြွယ်ဝတဲ့ ပင်လယ်ကမ်းခြေဒေသပါ။ မီဒီယာ လွတ်လပ် ခွင့် ရှိတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရှိတယ်။ နိုင်ငံရေးလွတ်လပ်မှု နဲ့ လူမှုတင်းမာမှုတွေကို ဖြေရှင်းတယ်။ စီးပွားရေးလွတ်လပ်တယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ဟာ ချုံကင်းဖြစ်တယ်။ ကုန်းပိတ်ပြည်နယ်တခု ဖြစ်ပြီး လူမှုစီးပွား တန်းတူညီမျှရေးပေါ်လစီနဲ့ ဒေသတွင်းစားသုံးမှုကို အားပြုထားရတာဖြစ်တယ်။ ဖြုတ်ခံရတဲ့ ဘိုလျောက်လိုင်ဟာချုံကင်းပါတီအကြီးအကဲဖြစ်တယ်။ သူ့ပြိုင်ဘက်ဂွမ်ဒေါင်းပါတီ ခေါင်းဆောင် ၀မ်ယန်း ဟာ ဘို ပြုတ်ပြီးကတည်းက လူလုံးသိပ်မပြတော့ဘူး။ တရုတ်ပါတီခေါင်းဆောင်တွေလေ့လာနေတဲ့ ဒီ မော်ဒယ် နှစ်ခုကို တရုတ်ပညာရှင်တွေက ပံ့ပိုးပေးနေကြတာ ဖြစ်တယ်။ တရုတ်ပညာရှင် တွေထဲမှာလည်းအမြင်တွေ မတူကြဘူး။ အဓိက အမြင်၂ မျိုးကွဲနေတယ်လို့ပြောလို့ရတယ်။ တဖွဲ့က လူမှုညီမျှရေးဆိုတဲ့ လက်ဝဲသစ်တွေ ဖြစ်ပြီး၊ နောက်တဖွဲ့က ယှဉ်ပြိုင်နိုင်တဲ့ကောင်က ရှင်သန်ကျန်ရစ်မှာပဲဆိုတဲ့ လက်ယာသစ်တွေပါ။ ဒီတော့ ရှင်းပါတယ် ချုံကင်း မော်ဒယ် ကို လက်ဝဲသစ်တွေက သဘောကျပြီး၊ ဂွမ်ဒေါင်းမော်ဒယ်ကို လက်ယာသစ် တွေက လိုက်စေချင်တယ်။ လက်ယာသစ် ဆိုတဲ့ တဘက်က နိုင်ငံရေး နဲ့ စီးပွားရေး ကို ဖွင့်ပြီးရှင်း၊ ပြည်သူတွေရဲ့ နိုင်ငံရေး ပါဝင် ပတ်သက်မှု ကိုလက်ခံ၊ ရွေးကောက်ပွဲတွေ၊ ဥပဒေတွေ၊ နဲ့ နိုင်ငံတော်ရဲ့ပါဝါကိုကန့်သတ်ထားဖို့ နဲ့ လက်ဝဲသစ် ဆိုတဲ့ အခြား တဘက်က ဗဟိုကချုပ်ကိုင်ထားပြီး နိုင်ငံရေးပွင့်လင်းမှုကိုအရမ်းမပေးဘဲ ခရိုနီစီးပွားရေး နဲ့ ထိမ်းကျောင်း သွားကြ ဖို့ပဲ။ ဒီနှစ်ဘက် ဘယ်ဘက်ကို ယိမ်းမလဲဆိုတာ သိဖို့ လက်ရှိတရုတ် တွေအဖြေရှာနေတဲ့ နယ်ပယ် ၃ခုကို ကြည့်ကြ ရအောင်။

ကြွယ်ဝခြင်း၊ တည်ငြိမ်မှု နှင့် ပါဝါ

အပေါ်မှာပြောတဲ့လက်ဝဲသစ် တွေဟာ ဈေးကွက်ဖွင့်ထားပြီး လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အကုန်လုပ်ပစ်မယ့် အစား ဗဟိုချုပ်ထားတဲ့စီမံကိန်းစံနစ်၊ ဈေးကွက်နဲ့ စီမံကိန်းရောသွားချင်တဲ့နည်းပါ။ ပြည်တွင်းစားသုံးမှုကိုအခြေခံပြီး နိုင်ငံတော် နဲ့ ပုဂ္ဂလိကပေါင်းထားတဲ့ စီးပွားရေးဖြစ်တယ်။ ဘိုလျောက်လိုင် အရာကျသွားမှ ဒီပုံစံအားလျော့သွားတယ်။ ဒါပေမယ့် ခရိုနီအားပြုအရင်းရှင်ပုံစံဟာ တရုတ်စီးပွားရေးကို ဆင်းရဲချမ်းသာ အရမ်းကွာဟသွားအောင်လုပ်ပစ်ခဲ့တယ်။ သမ္မတ ရှီကျင်းပင်ရဲ့ ဒေါက်တာဘွဲ့ကိုကြီးကြပ်ခဲ့တဲ့ တရုတ်လူမှုပညာရှင် စန်းလီပင်း (Sun Liping) လေ့လာချက် အရ နိုင်ငံတော်ကနေ ဦးဆောင်သွားတဲ့ တရုတ်စီးပွားရေးပုံစံဟာ အကျိုးအမြတ်ကြီးမားတဲ့ အုပ်စုတွေကိုဖန်တီး ခဲ့တယ်။ ဒီခရိုနီတွေဟာ မြေယာ၊ ဓာတ်သတ္တု၊ ငွေကြေးမြုပ်နှံမှု၊ အခြေခံစီးပွားရေး အဆောက်အဦတွေ၊ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တွေ၊ စွမ်းအင်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ နဲ့ အခြားအရေးပါတဲ့လုပ်ငန်းတွေအားလုံးမှာ လွှမ်းမိုးချုပ်ကိုင်ထား နိုင်ခဲ့တယ်။ ခြစားမှုတွေလည်း အကြီးအကျယ်ပေါ်ထွန်းခဲ့တယ်။ ပြဿနာက လက်ဝဲသစ်နဲ့ လက်ယာသစ် ရဲ့ စီးပွားရေး သဘောတရားတွေမဟုတ်ပဲ မသမာမှုတွေနဲ့ခြစားထားတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ခရိုနီ စီးပွားရေးတွေက စီးပွားရေးမှာလက်ဝါးကြီးအုပ်ကျိုးကိုင်ထားတာကို ဘယ်လိုအဆုံးသတ်မလည်း ဆိုတဲ့ နိုင်ငံရေး ပြဿနာ ဖြစ်တယ်ဆိုတာပါပဲ။

၁၉၈၉ မတိုင်မီအထိ တရုတ်ပညာရှင်အများစုနားလည်ထားကြတာက တရုတ်ဟာ ဒီထက်ဖွံ့ဖြိုးတိုးတက် လာလေလေ အနောက်ပုံစံလွတ်လပ်မှု နဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့ကျိုးစားလေလေ ဆိုတာပါ။ ဒါပေမယ့် ပြည်ပမှာ ဆိုဗီယက်ပြိုကွဲသွားပြီး ပြည်တွင်းမှာ တိန့်အင်မင် အရေးအခင်းကို ကြုံလိုက်ရတဲ့ တရုတ်တွေဟာ နိုင်ငံရေး လွတ်လပ်မှု နဲ့ပြန်လည်ပြင်ဆင်ရေးတွေအပေါ်မှာ ထိတ်လန့်ခဲ့ကြတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့တဲ့ စန်းလီပင်း ရဲ့စာတမ်း မှာ တရုတ်တွေဟာ တည်ငြိမ်မှုကိုဦးစားပေးလွန်းတာဟာ လူမှုပြဿနာတွေကို ပိုပြီပေါ်ပေါက်လာ စေတယ် ဆိုတာပါပဲ။ တည်ငြိမ်မှု အသားပေးဆိုပြီး တရုတ်တွေ ဆယ်စုနှစ် ၂ခုလောက်ပစ်ထားခဲ့တဲ့ နိုင်ငံရေး အနေ အထားကို ခုပြန်ပြီးစီစစ်လာကြတယ်။ အမေရိကန်မှာ ပညာသင်လာခဲတဲ့ ပညာရှင်တဦးဖြစ်တဲ့ ပိုင်မင်ဇင် (Pei Minxin) နဲ့ သူ့ နောက်လိုက်အများအပြား က တိန့်အင်မင် ဖွဲ့စည်းမှု အသစ်တွေကိုတွေ့လာရတယ်လို့ ပြောလာခဲ့တယ်။ ၁၉၉၅ မှာ တရုတ် ထောက်လှမ်းရေးက ထုတ်ပြန်တဲ့စာရင်းအရ တနှစ်ကို ၉၀၀၀ လောက်ရှိတယ်ဆိုတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု တွေဟာ ၂၀၁၁ မှာ ၁၈၀၀၀၀ အထိတက်လာခဲ့တယ်။ ဒီစာရင်းတွေသာမှန်ရင် တရုတ်တနိုင်ငံလုံးမှာ တနာရီတိုင်းကို ဆူပူမှု နဲ့ဆန္ဒပြ မှု ၂၀ ခုလောက် ဖြစ်နေတဲ့သဘောပါ။ တရုတ်လက်ယာသစ်တွေက လူမှုမညီမျှမှုတွေ ဆိုတာ ရှိမှာ ပဲမို့ အစိုးရရဲ့ ဥပဒေအရ ဖြစ်တည်မှုကို အင်စတီကျူးရှင်းနဲ့သွားဖို့လိုလားကြပါတယ်။
ဆိုလိုတာက ပါတီတွေ ရွေးကောက်ပွဲတွေ နဲ့ရှင်းဖို့ပါ။ ဒါပေမယ့် တရုတ်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ပေးဖို့ အမြဲရပ်တည်ခဲ့တဲ့ စန်းလီပင်း သည်ပင် ရွေးကောက်ပွဲတွေ အပြည့်အ၀လုပ်ဖို့ကို တုံ့ဆိုင်းနေတယ်။ အကြောင်းပြချက်ကတော့ တရုတ် ဗဟိုချုပ် ပုံစံဟာ ပြည်သူတွေကို ကြီးမားတဲ့ လူမှုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ ပွင့်ထွက်သွားမှာကို စိုးရိမ် နေတဲ့သဘောပါ။ နောက် တမျိုး စဉ်းစားနေကြတာက ဗဟိုမှာ ခုလိုအပေါ်ပိုင်းက ရွေးချယ်တာကို ဆက်ထားပြီး အောက်ခြေမှာရွေးကောက်ပွဲ စံနစ်ကိုကျင့်သုံးနိုင်မလားဆိုတာပါ။ လက်ရှိအနေနဲကတော့ သတင်းနည်းပညာခေတ်ရဲ့ ဈေးကွက် ဖွင့်ထားတဲ့ စီးပွားရေးကို နိုင်ငံရေးအရ ဗဟိုကချုပ်ထားတာဟာ တရုတ်စံနစ်ရဲ့ အတွင်းပဋိပက္ခလို့ပဲ ပြောရ မှာဖြစ်တယ်။

မော်လက်ထက်က နိုင်ငံတကာကို တော်လှန်ရေးသဘောတရားတွေတင်ပို့ခဲ့တဲ့ တရုတ်ဟာ တိန့်ရှောင်ဖိန် လက်ထက်မှာ အနောက် အထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ကမ္ဘာ့တည်ငြိမ်ရေးအစီအစဉ်ထဲခိုဝင် အမေရိကန် အကာအကွယ် ပေးထားတဲ့ ဈေးကွက် နဲ့ ရင်းနှီးမြုပ်နှံမှုတွေ အကူအညီနဲ့ စီးပွားရေးဦးမော့လာခဲ့ပါတယ်။ သည်ရေစီး ကို အသာမျှောလိုက်ပြီး တရုတ်ကို ငြိမ်ငြိမ်သက်သက်နဲ့ကမ္ဘာ့နိုင်ငံကြီးတခုဖြစ်လာစေရေးဟာ တိန့်ရှောင်ဖိန် ရဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ်။ ခုတော့အကောင်က ပုန်းနေလို့မရတော့လောက်အောင် ကြီးလာတာမို့ ဒါကိုဘယ်လို တုန့်ပြန်ကြ မလည်းဆိုတာမှာတော့ ခေါင်းဆောင်တွေကြား သဘောထားတွေမတူခဲ့ကြဘူး။ အနောက်ပါဝါ နဲ့ လိုက်လျော ညီထွေနေ၊ ကမ္ဘာ့တည်ငြိမ်မှုအစီအစဉ်ထဲဝင်ဖို့လိုလာပြီဆိုတဲ့ Globalist တွေရှိသလို ပိုပြီးတော့တောင် သထိထားနေ ရမယ် ဆိုတဲ့ Realist တွေလည်းရှိနေပါတယ်။ (တရုတ်နိုင်ငံရေးသိပ္ပံပညာရှင် ၀န်ဇီစီ - Wang Jixi ဟာ အမေရိကန် အထူးကျွမ်းကျင်သူ၊ ပြီးခဲတဲ့ သမ္မတဟောင်း ဟူဂျင်တောင်ရဲ့ အတန်းဖော်ဖြစ်ပြီး တရုတ်အကျိုးစီးပွားကို ပိုအလေး ထားတဲ့ realist တဦးဖြစ်တယ်)။ သတိထားရမယ့် အထဲမှာ ၀ါရှင်တန်က နိုင်ငံခြားရေး ပေါ်လစီတွေ ကို မှီးပြီးသွား နေမယ့် အစား ကိုယ်လည်းအင်အားကြီးဖြစ်လာပြီမို့ ကိုယ်ပိုင်သဘောတရားနဲ့မူဝါဒတွေကို ချမှတ်ရမယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ဒီသဘောထားအတိုင်းဆက်ဆံရမယ်ဆိုတဲ့ အယူအဆတွေ ထွက်ပေါ်လာတာ ပါပဲ။ နောက် တခုက နိုင်ငံရပ်ခြားမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားပဲဖြစ်တယ်။ တရုတ် နိုင်ငံသား သန်း၅၀ ဟာ တရုတ်ပြည်ပြင်ပမှာရှိနေပြီး နိုင်ငံသားမဟုတ်တဲ့ တရုတ် သန်း၈၀ ဟာ တခြားတိုင်းပြည် တွေမှာ နေထိုင်နေ ပါတယ်။ အဲဒီ၂ ခုပေါင်းသန်း ၁၃၀ကိုသာ တနိုင်ငံထဲစုထားရင် ၁၀နိုင်ငံမြောက် ကမ္ဘာ့လူဦးရေ အများဆုံး ဖြစ်လာမှာ ဖြစ်ပြီး ဂျပန်ထက် ပိုလူဦးရေများတယ်လို့ ပြောနိုင်လာမှာဖြစ်တယ်။ ချမ်းသာလာတဲ့ တရုတ်တွေဟာ နိုင်ငံတကာ ကုမဏီကြီး တွေ ထောင်ပြီး နိုင်ငံအနှံ့ သွားလာလုပ်ကိုင်ကြတော့ သူ့လူမျိုးတွေ နိုင်ငံရပ်ခြားနေထိုင် တာပိုများလာ တဲ့သဘောပါ။ လစ်ဗျားမှာစစ်ဖြစ်တော့ တရုတ်ဟာ သူ့နိုင်ငံသား ၃၈၀၀၀ ကို လေယဉ်တွေနဲ့ မထုတ်သွားခဲ့တယ်။ တရုတ် အကျိုးစီးပွားကို ပါးပါးနပ်နပ်လုပ်ဖို့ နိုင်ငံတကာထဲ ၀င်ဆန့်နေထိုင်ဖို့ကို အကြံပြုကြတာတွေလည်း ရှိပြီး တရုတ်နိုင်ငံခြား ရေးပေါ်လစီမှာ ဒါကို တီထွင်ဖန်တီးမှုရှိတဲ့ ပါဝင်ပတ်သက်မှု (Creative Involvement) လို့ဆို ပါတယ်။ ဒါပေမယ့် နောက်ပိုင်းလူငယ် မျိုးဆက်တွေက တရုတ်ကို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်စေလိုကြတယ်။ အမေရိကန်နဲ့ ယှဉ်ပြိုင်မယ့် ၀န်ရိုး၂ခုကမ္ဘာ (bipolar world) ကိုရွေးချယ်လိုကြပြီး အမျိုးသားရေးကဲတဲ့ နိုင်ငံခြားရေး ၀ါဒ ကိုအားပြု ထားတာတွေ့ရတယ်။ ဥရောပနိုင်ငံခြားရေး ကျွမ်းကျင်သူတယောက်က ဆွေးနွေးပွဲတခုမှာ တရုတ် နိုင်ငံရေးသိပ္ပံပညာရှင် လူငယ်တဦးကို ခင်ဗျားတို့ ဥရောပကဘာလိုချင်တာလဲမေးတော့ တရုတ်မျိုးဆက်သစ် ပညာရှင်က ကျနော်တို့ တနေ့ အမေရိက နဲ့စစ်ဖြစ်ဖို့ကြုံလာရင် ကြားနေပေးဖို့ပါပဲလို့ဆိုတယ်။ နိုင်ငံတကာမှာ တရုတ်ပါဝါဟာ နိုင်ငံအရ အင်အားကြီးထွားလာတယ် ဆိုပေမယ့် နိုင်ငံရေးစံနစ်အရအားနဲမှုကြောင့် အဲသည်နှစ်ခုကြား ဒွိဟတွေနဲ့ စမ်းပြီး သွားနေရဆဲပဲ ဖြစ်တယ်။

မြန်မာစစ်အာဏာရှင်စံနစ် ၃.ဝ

တရုတ်နဲ့ မြန်မာကိုနှိုင်းယှဉ်ကြည့်ဖို့ဆိုတာ သိပ်သင့်တဲ့ကိစ္စလို့တော့မထင်ရဘူး။ တနိုင်ငံက ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး အချမ်းသာဆုံးဖြစ်နေပြီး တခြားနိုင်ငံတခုက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု စာရင်းဝင် နေလို့ပဲ ဖြစ်တယ်။ ဒါပေမယ့် တရုတ်နဲ့ဆက်စပ်ပြီး မြန်မာတွေ အတွက် တင်ကြိုနားလည်ထားလို့ရတဲ့ အချက်တွေရှိနေပြီး တရုတ် အပြောင်းအလဲ နဲ့ အဲသည်အပြောင်းအလဲကို ဖန်တီးနေတဲ့ နောက်ကွယ်က အယူအဆတွေဟာ မြန်မာတွေ သိထား သင့်တာလည်း ဖြစ်တာကြောင့် တရုတ်နဲ့ အစပျိးလိုက်ရတာပါ။

ပထမဆုံးမြန်မာစစ်အာဏာရှင်စံနစ်အဆင့်ဆင့် ပြောင်းလဲသွားပုံအကျဉ်းကို ပြန်ကြည့်ရအောင်။ မြန်မာ စစ်အာဏာရှင် စံနစ် ၁.၀ ဟာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတဲ့ ၁၉၆၂ ကစပြီး ၈၈၈၈ အရေးတော်ပုံဖြစ်တဲ့ ၁၉၈၈ မှာ ပြီးတယ်။ ဦးနေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ စစ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ ဆိုရှယ်လစ်စံနစ်လို့ဆိုတဲ့ ဆိုရှယ်လစ်စီးပွားရေး အမည်ခံပြီး ဗဟိုကအားလုံးစီမံပေးတဲ့ တပါတီအာဏာရှင်စံနစ် နဲ့ တိုင်းပြည် ကို အုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒလို့ ပြောတယ်။ ဆိုဗီယက် အမေရိကန် လက်ဝဲ လက်ယာ နှစ်ဘက်ကြားမှာ ဘယ်ဘက်မှဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့တယ်။ တိုင်းပြည်ကို ပြင်ပ ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး ပြည်တွင်းစီးပွားကာကွယ်ရေး (သို့) ဖူလုံရေး ဆိုတဲ့မူနဲ့သွားခဲ့တယ်။ အကျိုးဆက်က စီးပွားရေး လူမှုရေး နိုင်ငံရေး အားကစားကအစ အာရှမှာစောင့်ကြည့်ခံရတဲ့ နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာနဲ့ အဆက် ဖြတ်ခံထားရတဲ့ နှစ်၂၀ကျော် အစိတ်အတွင်းမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းကိုဝင်ခဲ့တယ်။ မြန်မာ အာဏာရှင်စံနစ် ၂.၀ ကို နောက်တကြိမ်စစ်အာဏာသိမ်းတဲ့ ၁၉၈၈ ကစပြီး ၂၀၁၀ အထိ သတ်မှတ်တယ်။ အာဏာ သိမ်းခါစ အချိန်က စစ်ခေါင်းဆောင်ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ကျန်းမာရေး အကြောင်း ပြပြီး ဖယ်ထုတ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ကခေါင်းဆောင်မှုကိုယူခဲ့တယ်။ ဒီကာလအတွင်း အရေးပါတဲ့ ဖြစ်ရပ်တွေကို ခုနှစ် အလိုက် နဲနဲ ကြည့်လိုက်ရုံနဲ့ မြန်မာအာဏာရှင်စံနစ် ၂.၀ ရဲ့ နိုင်ငံရေးကို ခြေရာခံနိုင်ပါလိမ့်မယ်။

၁၉၉၀ မေ ။ ။ အာဏာသိမ်းအစိုးရက ရွေးကောက်ပွဲ ပြုလုပ်ပေး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
၄၈၉ နေရာတွင် ၃၉၂ နေရာ အနိုင်ရ။ သို့သော် အာဏာလွှဲမပေးခဲ့။
၁၉၉၀ ဇွန် ။ ။ အခြေခံဥပဒေရေးဆွဲရန် အမျိုးသာညီလာခံဆင့်ခေါ်
၁၉၉၅ နိုဝင်ဘာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားညီလာခံမှ နှုတ်ထွက်
၂၀၀၄ အောက်တိုဘာ။ ။ စစ်ထောက်လှမ်းရေး တဖွဲ့လုံး ကိုရှင်းထုတ်
၂၀၀၇ စက်တင်ဘာ။ ။ သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးဖြစ်
၂၀၀၈ မေ ။ ။ နာဂစ်ကာလအတွင်း အခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု
၂၀၁၀ နိုဝင်ဘာ ။ ။ ၂၀၀၈ အခြေခံဥပဒေဖြင့် ပထမဆုံးရွေးကောက်ပွဲပြုလုပ်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီတရားမ၀င်ဟုသတ်မှတ်ခံထားရ။ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး
ယှဉ်ပြိုင်ခြင်း မပြုခဲ့။ ရွေးကောက်ပွဲအပြီးတပတ်အကြာ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်လွှတ်။


ဒီ ၂.၀ ကာလအတွင်း အရေးပါတဲ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စစ်အာဏာရှင်က မွေးထုတ်လိုက်တဲ့ ခရိုနီ် စီးပွားရေးသမားတွေ ပေါ်ပေါက်လာခဲ့တယ်။ တရုတ်မှာလို အရေးကြီးတဲ့ နယ်ပယ်တိုင်း ကဏ္ဍတိုင်း မှာ ခရိုနီ စီးပွားရေး သမားတွေက သိမ်းပိုက်ထားလိုက်ကြတယ်။ ပြီးမှနောက်ကွယ်က သူ့ စစ်အာဏာရှင်ကိုပြန်ပြီး အလုပ် အကျွေး ပြုတယ်။ ဒါ့ကြောင့်မို့ မြန်မာပြည်မှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ချမ်းသာတဲ့ ခရိုနီနဲ့ စစ်အာဏာ ရှင်တွေ ပေါ်လာသလို စားဝတ်နေရေး အခြေခံလူ့ဘ၀လိုအပ်ချက်တွေလုံးဝ နီးပါး ပျောက်ဆုံးပြီး ရုန်းကန်နေရတဲ့ ပြည်သူ တွေလည်း ပေါ်ပေါက် လာခဲ့ရတယ်။ နိုင်ငံရေးအရ တရုတ်ထောက်ခံမှုကို လုံးလုံးလျားလျားမှီခိုထား ခဲ့ရတာ ကြောင့် သူ့စိတ်ကြိုက်စီမံကိန်းတွေ ပြန်ပေးပူဇော်ပသထားခဲ့ရတယ်။ တရုတ်ထွက်ပေါက်ကို နိုင်ငံတော်က လက်သင့် ရာ ပံ့ပိုးပေးတဲ့ ခရိုနီအရင်းရှင်နဲ့ဈေးကွက်နဲ့ ပေါင်းလိုက်တော့ ဆယ်စုနှစ် ၂ခုလောက် နေတော့ ကမ္ဘာ့ အဆင်းရဲဆုံး စာရင်း ၀င် နိုင်ငံတနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးသွားတော့တယ်။ နိုင်ငံဟာ အတွင်းလှိုက် ခြစား ခံထားရ သလိုဖြစ်ပြီး ဘယ်ဂဏ္ဍမှာမှ တိုးတက်မှုမရှိ ပဲ တအိအိပြိုကျ နေခဲ့တယ်။

၂၀၁၁ မတ်လ ၃၀ရက်နေ့မှာ စစ်ထွက် အရပ်သားဦးသိန်းစိန် အစိုးရတက်လာတော့ စစ်အာဏာရှင် စံနစ် ၃.၀ ထဲကို ၀င်ရောက်လာပါတော့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ စစ်အာဏာရှင် ၂.၀ ကို ကောင်းကောင်း အလုပ်ပေးခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ဒါဟာပုံစံအသစ်ပြောင်းဖို့ အချက်ပေးသံချောင်း ခေါက်သံပါပဲ။ ဒါကြောင့် ၂၀၀၈မှာ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေကို အတည်ပြုပြီး ရွေးကောက်ပွဲ ပုံစံနဲ့ အသွင်ပြောင်း အရပ်သား အစိုးရကိုဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် စစ်အာဏာရှင် ၃.၀ ဟာ ၂.၀ နဲ့ တည်ဆောက် ထားပုံမှာ လုံးလုံး လျားလျား ကွဲသွားခဲ့တယ်။ အာဏာရှင်ဆိုတာ ကျားစီးနေရတာ ဆိုတဲ့စကားကို လက်ခံမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရှင် ထွက်သွားတယ်လို့ ယူဆစရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် အာဏာနောက်ကွယ်ကို ၀င်သွားရတဲ့ အတွက် တရားဝင်မှာ ခေါင်မှာ အကုန်ချုပ်ထားတဲ့ အာဏာကို ဖြည်ထုတ်ထားခဲ့တယ်။ စစ်အာဏာရှင် ၂.၀ တုန်းက နံပါတ်၃ နေရာဖြစ်တဲ့ ကြီးရေလေ ကွပ်ကဲညှိနှိုင်းရေးမှူးဖြစ်တဲ့ သူရဦးရွှေမန်းဟာ စစ်အာဏာရှင် ၃.၀ မှာ လွှတ်တော် အကြီး အကဲဖြစ်လာတယ်။ ကာကွယ်ရေးဦးစီးချုပ်က ဂျူနီယာတဦးဖြစ်တဲ့ စစ်တက္ကသိုလ်အပတ်စဉ်(၁၉) က ဗိုလ်ချုပ် မင်းအောင်လှိုင် ဖြစ်လာတယ်။ နိုင်ငံရေးစီးပွားရေး မူဝါဒတွေမှာတော့ စစ်အာဏာရှင် ၃.၀ ဟာ ၂.၀ နဲ့ အတူတူပါပဲ။ ဦသိန်းစိန် အာဏာရခါစ တနှစ်လောက် အပြောင်းအလဲတွေ မဆိုသလောက် ရှိခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ အစိုးရကခြစားမပျက်၊ ခရိုနီ တွေက အရေးပါတဲ့ တိုင်းပြည်စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်မပျက်ပါ။ ပိုဆိုး သွားတာက အစိုးရဋ္ဌာနတိုင်းလောက်မှာ အရာရှိတွေဟာ ၂၀၁၅ အစိုးရသစ်မတက်ခင် နောက်ဆုံးအခွင့်အရေးလို့ သတ်မှတ်ပြီး ပိုက်ဆံမရရင် ဘာအလုပ်မှ မလုပ်တော့တဲ့ အနေအထားကိုရောက်လာခဲ့တယ်။ အပြောင်းအလဲကို နိုင်ငံခြားရေး ပေါ်လစီမှာတော့ တွေ့ရတယ်။ မြန်မာ အာဏာရှင် ၂.၀ တလျောက်လုံး တရုတ်နဲ့ နှစ်ပါးသွားနေရတဲ့ ဇတ်ကို ၂၀၁၁ နိုဝင်ဘာ မှာ နှစ်ငါးဆယ်အတွင်း ပထမဆုံးရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ အမေရိကန်ရဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေး ပေါ်လစီက အဆုံးသတ်ပေးနိုင်ခဲ့တယ်။

ဘာကြောင့်အပြောင်းအလဲလိုအပ်လာရသလဲ

တရုတ်နဲ့မြန်မာ တူတဲ့အချက်က ၂.၀ ခေတ်မှာ ခရိုနီတွေကိုမွေးခဲ့တာပဲ။ တိန့်ရှောင်ဖိန် ရဲ့ နာမည်ကျော် စကား တခုရှိတယ်။ ပြူတင်းပေါက်တွေကို ဖွင့်လိုက်ပါ အလင်းရောင်နဲ့အတူ အမှုံအမွှားတွေလည်း ၀င်လာပါလိမ့်မယ် ဆိုတာ။ ဒီတော့ အကျင့်ပျက်ခြစား မှုတွေရှိနေတယ်ဆိုပေမယ့် တရုတ်ထဲကိုဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဲ့ အကျိုးအမြတ်တွေကို တရုတ်ပြည်သူတွေခံစား ခဲ့ရတယ်။ လူဦးရေ သန်းရာနဲ့ချီပြီး တရုတ်ပြည်သူတွေ ဆင်းရဲမှုတွင်း ကလွတ်ခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ တံခါးဟာ လိုတဲ့သူလောက်ကိုဖွင့်ပေး၊ သင့်တဲ့လူနဲ့ပဲလုပ်ခဲ့ကြတာမို့ စီးပွားရေးတ၀က်တပျက်ဖွင့်တဲ့ အကျိုးဆက်ကိုအစိုးရအကြီးပိုင်းတွေနဲ့ခရိုနီတွေပဲရခဲ့တယ် ။ ဒါ့အပြင်တိုင်းပြည်အတွက် ဘာအကျိုးစီးပွားအခြေခံမှ မရှိတဲ့ စီမံကိန်းတွေအတွက် ငွေနဲ့အချိန်ကုန်ခံခဲ့ရတာတွေလည်း မနဲဘူး။ စီးပွားရေးသမား ခရိုနီတွေအတွက်တော့ ကြက်ဆူပင်စိုက်လို့ အဆင်မပြေရင် နစ်နာကြေးအနေနဲ့ ရေနက်ကွင်းတွေရမယ်။ နေပြည် တော်လိုဏ်ခေါင်းတူးလို့အဆင်မပြေရင်ရွှေမိုင်းတွေလုပ်ခွင့်ရနိုင်တာမို့ဘာစီမံကိန်းဖြစ်ဖြစ် အဘတွေအကြိုက် လုပ်ဖို့ ပဲ။ ဘာစီးပွားရေး သဘောတရား နဲ့ အတွက်အချက်မှ မလိုဘူး။ အဆက်အသွယ်ရှိရင် အားလုံးလုပ်လို့ဖြစ်လာတယ်။ အဆိုးဆုံးက တကယ့် စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ အခွင့်အလမ်းတွေမရှိတော့ လူလတ် တန်းစားတွေက ငွေဖြစ်လွယ်တဲ့ ကား၊ အိမ်ခြံမြေ၊ ဒေါ်လာ၊ မိုဘိုင်းဖုန်း၊ လောင်းကစား (ဘောလုံး၊ ၂လုံးထီ နဲ့ ချဲထီ) တွေမှာရင်းနှီးမြှုပ်နှံကြတယ်။ တိုင်းပြည် တည်ဆောက်ရေး နဲ့ ထုတ်လုပ်ရေးမှာ တကယ့် ပုဂ္ဂလိက လုပ်ငန်းရှင် နဲ့ လူလတ်တန်းစားရဲ့ အခန်း ဂဏ္ဍ ဟာ လုံးဝ နီးပါး ပျောက်ဆုံးသွားခဲ့တယ်။ မတရားသဖြင့် စီးပွားရှာပြီး ကြီးပွား ချမ်းသာလာတဲ့ ငွေမဲတွေနဲ့ ဖန်တီး ထား တဲ့ ဈေးကွက်တွေဟာ နောက်ဆုံးတော့ တိုင်းပြည်ရဲ့ စားဝတ်နေရေး အခြေခံ ကုန်ဈေးနှုန်းတွေ အပေါ် သက်ရောက် မှု ရှိခဲ့တယ်။ မြန်မာပြည်သူတွေဟာ လိမ့်နေအောင်ခံခဲ့ရပေမယ့် လက်နက် နဲ့ တင်းတင်းကျပ်ကျပ်ဖိနှိပ်ခံ ထားရတာ မို့ စံနစ်ဆိုး ကိုမတွန်းလှန်နိုင်ပဲ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ကြရဖို့ ဖြစ်လာတယ်။

ခုတရုတ်တွေက တိုင်းပြည် ဆင်းရဲချမ်းသာ ကွာဟမှုကြောင့်ဖြစ်တဲ့ မတည်ငြိမ်မှုကို ကိုင်တွယ်ဖို့ ခြစားမှု တွေကို တရုတ် ၃.၀ လက်ထက် မှာရှင်းနေပြီ။ မြန်မာစစ်ခေါင်းဆောင်တွေ ကတော့ ရှေ့ဆက်တိုးဖို့ ကျိုးစား နေကြ ဆဲပဲ။ စီးပွားရေးပြဿနာဟာ နိုင်ငံရေးမကောင်းလို့ပါ။ အစိုရအဖွဲ့ နဲ့ လွှတ်တော် စတဲ့ နိုင်ငံရေးအရ အဆုံး အဖြတ် ပြုနိုင်တဲ့ နေရာတွေမှာ စစ်အာဏာရဲ့ထိမ်းချုပ်ပဲ့ကိုင်မှုက မလွတ်မြောက်သရွေ့ မြန်မာပြည်စီးပွားရေးဟာ ပြည်သူတွေ အတွက် ကောင်းလာစရာ မရှိဘူး။ မြန်မာအာဏာရှင် ၃.၀ မှာ ပိုဆိုးလာတာက ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး လက်ရှိအစိုးရ က ဘာသာရေး နဲ့ လူမျိုးရေး ပဋိပက္ခကို ဖန်တီး အသုံးချ လာခဲ့တာဖြစ်တယ်။ မြန်မာ ခေါင်းဆောင် တွေရဲ့ ၂၀၁၄ နဲ့ ၂၀၁၅ အတွင်းကလုပ်ရပ်တွေကို ကြည့်ရင် သူတို့စေတနာ နဲ့ ဘယ်အခြေခံပေါ်မှာ ရပ်တည် ဖို့ကျိုးစားတယ်ဆိုတာ အလွယ်တွေ့မြင်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၄၃၆ ကမ်ပိန်း၊ ဗိုလ်ချုပ် ရာပြည့် ပွဲတော်တွေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှုကို မြှင့်တင် ထိမ်းကျောင်းထား ခဲ့တယ်။ တဘက်မှာ သူရ ဦးရွှေမန်း က လယ်သမား၊ အလုပ်သမား နဲ့ ၀န်ထမ်း ရေးရာတွေကတဆင့် သူ့နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ဖို့ကျိုးစား ခဲ့တယ်။ သမ္မတဦးသိန်းစိန်ကတော့ ရခိုင်ခရီး၊ ရှင်တထောင်အလှူ၊ ဘုရားထီးတင်ပွဲ နဲ့ နောက်ဆုံး နေရေး နဲ့ စားရေး အလျှင် အမြန်လိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေ ကို ဘုရားရုပ်ပွားတော်လေးတွေလှူတဲ့အထိ လူမျိုးရေး နဲ့ ဘာသာရေး ကို အသုံးချဖို့ ကျိုးစားခဲ့တာတွေကို မြင်တွေ့ခဲ့ရမှာပါ။ ဘာသာရေးအသုံးချမှု ဟာ မြန်မာပြည်သူတွေ ကြားမှာ အစဉ်အလာကိုးကွယ်ယုံကြည်မှု နဲ့ လွတ်လပ်စွာတွေးခေါ် ကိုးကွယ်လိုမှုကြား ကွဲပြားစေခဲ့သလို သံဃာတွေ ကြားမှာလည်း အမျိုးဘာသာ သာသနာထိမ်းသိမ်းရေးဆိုတဲ့ အယောင်ပြဆောင်ပုဒ် နဲ့ ရွှေဝါရောင် အာဏာရှင် ဆန့်ကျင်ရေး ဆိုပြီး အားပြိုင်မှုတွေ ပေါ်ပေါက်လာတာကိုတွေ့ရမှာပါ။ ဒီအခြေအနေဟာ ရေရှည်မှာ သံဃာအတွင်း ပြည်သူအတွင်း အက်ကြောင်းတွေ ပိုကြီးမား လာစေနိုင်ပါတယ်။ ဆရာတော်ကြီး ထေကြီးဝါကြီးများကလည်း ဓမ္မစက် နဲ့ အာဏာစက် ငြိမသွားအောင် ထိမ်းနေတဲ့ သဘောရှိပုံပါပဲ။ စစ်မှန်တဲ့နိုင်ငံရေးဦးဆောင်မှု နဲ့ အပြောင်းအလဲက သာလျှင် ဒီအကျပ် အတည်းရဲ့ မှန်ကန်တဲ့ထွက်ပေါက် ကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်။

မြန်မာအာဏာရှင်စံနစ် ၃.၀ အတွင်းမှာ ထူးခြားတဲ့အဖြစ်အပျက်တွေရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲ အစိုးရ အဖွဲ့ထဲမှာ ပါသွားတဲ့ လစ်လပ်အမတ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တခု ၂၀၁၁ မှာလုပ်ခဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ အလှည့်အပြောင်းတခုဖြစ်ခဲ့တယ်။ လစ်လပ်နေရာ အားလုံးနီးပါး အနိုင်ရပြီး အင်အယ်ဒီ အမတ် ၄၀ ကျော် လွှတ်တော်ထဲ ၀င်ရောက်သွားတဲ့ အချိန်ကစပြီး မြန်မာနိုင်ငံရေးမှာအမျိုးသားရင်ကြားစေ့ရေးမူနဲ့ လွှတ်တော်နိုင်ငံရေး လမ်းကြောင်း ဟာ ပင်မရေစီးဖြစ်လာပါတော့တယ်။ ၂၀၁၀ ကနေ အခုထိ အစိုးရလုပ်ရပ်တွေထဲက အကောင်းဆုံးတခုကို ပြပါ ဆိုရင် တော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားထုတ်ခဲ့တာပါပဲ။ ပြည်တွင်းစစ်ဟာမြန်မာပြည် လွတ်လပ်ရေးရဲ့ ဖွားဖက်တော် ဖြစ်တယ်လို့ပြောလေ့ ရှိကြတယ်။

မြန်မာ ၁.၀ ရဲ့ တပါတီ အာဏာရှင်စံနစ်မှာ လုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးက မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ အဓိက ရည်ရွယ်တာဖြစ်တယ်။ ၁၉၈၉ က ဗကပ ပြိုကွဲပြီး မြေအောက်ပါတီအဖြစ် ကူး ပြောင်းခဲ့ချိန်က စလို့နောက်ပိုင်း မြန်မာစစ်အာဏာရှင် ၂.၀ အတွင်းလုပ်တဲ့ ငြိမ်းချမ်းရေးဟာ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ အဓိကရည်ရွယ်ပြီးလုပ်ခဲ့ရတာဖြစ်တယ်။ ဦးသိန်းစိန် အစိုရ ရဲ့ ၂၀၁၁ သြဂတ်စ်လက စတင် ကမ်းလှမ်းခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခရီးစဉ် ၄နှစ်ကျော်လာခဲ့ပေမယ့် ပထမအဆင့်ဖြစ် တဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးဟာ မရေရာလှသေးပါဘူး။ အပစ်ရပ် စာချုပ်မှာ ပါဝင်မယ့် အချက်တွေ အားလုံး သဘောတူညီချက် ရထားပြီးဖြစ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်ဘယ်နှစ်ဖွဲ့ ဘယ်လို ပုံစံနဲ့ လက်မှတ် ရေးထိုးကြမယ် ဆိုတာကတော့ မရေရာသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးဟာ စစ်အသုံးစရိတ်နဲ့ နိုင်ငံ တည်ငြိမ် အေးချမ်းမှုထောင့်ကကြည့်ရင် နိုင်ငံဖွံ့ဖြိုးရေးအတွက် မဖြစ်မနေလိုအပ်သလို တရုတ်ရန်အတွက်ပါ ထဲ့တွက် ကြည့်ရင် တိုင်းပြည်အချုပ်အချာ အာဏာပိုင်ရေးအတွက်လည်း အရမ်းအရေးပါတယ် ဆိုတာ ပြောစရာလိုမယ်မထင် ပါဘူး။ လက်ရှိအစိုးရလက်ထက် ပုံစံတမျိုးမျိုးနဲ့ တနိုင်ငံလုံးအပစ်ရပ်ကို လက်မှတ်ထိုး နိုင်ခဲ့တယ်ဆိုရင်တောင် ရှေ့ဆက် ရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စိန်ခေါ်မှုတွေအပြည့်ရှိနေပါသေးတယ်။ အဲသည်ထဲက အားလုံးထောက်ပြ ထားတဲ့ တခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။

ဒီဥပဒေ ပြင်ဆင်ရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက်တခုဖြစ်နေပြီး နောက်တက်မယ့် အစိုးရအတွက် အိမ်စာတခု လည်း ဖြစ်နေ တယ်လို့ပြောရမှာပါ။ ဒီအချက်ဟာ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုအောင်မြင်ရေးအတွက် မဖြစ်မနေဖြတ်သန်း ရမှာဖြစ်ပြီး မှန်ကန်တဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ အစိုးရတရပ် လက်ထက်မှသာ အောင်မြင်ဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။

မြန်မာအာဏာရှင်အဆက်ဆက် ဟာ တရုတ်လို စီးပွားရေးကောင်းပြီး နိုင်ငံရေးကိုချုပ်ကိုင်ထား၊ လုပ်ပိုင်ခွင့် နဲ့ ကိုယ်ကျိုးရှာ၊ ကြွယ်ဝချမ်းသာမှု နဲ့ အာဏာကို တပြိုင်တည်းထိမ်းထားဖို့ သူတို့မက်နေတဲ့ တရုတ်အိပ်မက် ဟာ တရုတ်တွေ ကိုယ်တိုင်သည်ပင် မရေရာဘူးဆိုတာ ရိပ်မိပုံမရသေးပါဘူး။ တဘက်က ကြည့်မယ်ဆိုရင်လည်း အပြောင်းအလဲ ကိုတင်းခံနေတဲ့ ပြဿနာက အိုင်ဒီယော်လော်ဂျီမဟုတ်ပဲ၊ အမျိုးဘာသာသာသနာကို ကာကွယ်ထိမ်း သိမ်းရမယ်ဆိုတာတွေမဟုတ်ဘဲ၊ လက်ရှိအစိုးရရဲ့ ကိုယ်ကျိုးစီးပွားအပေါ်ကုတ်တွယ်ထားလိုမှုဆိုတာကို မြန်မာပြည်သူ တွေအနေနဲ့ ကောင်းကောင်းသဘောပေါက်နေကြပါပြီ။ မြန်မာစစ်အာဏာရှင် အဆက်ဆက်ဟာ တိုင်းပြည် အုပ်ချုပ် ရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတွေဘ၀ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ ဘယ်ဘက် ကိုပဲ ကြည့်ကြည့် အစိုးရတရပ်အနေနဲ့ ကျဆုံးသွားခဲ့ပြီးဖြစ်တယ်။ နိုင်ငံဦးဆောင်မှု အခန်းအတွက် နောက်ထပ်အင်အားစု အသစ်တွေ လိုအပ်နေပါပြီ။

တရုတ်နိုင်ငံခြားရေးဗျူဟာ

တရုတ်က ကမ္ဘာကြီးကို အ၀န်း ၄ ခုခွဲပြီးကြည့်တယ်လို့ တရုတ် နိုင်ငံခြားရေးရာ ကျွမ်းကျင်သူတချို့က သတ်မှတ်တယ်။ ပထမအ၀န်းက သူ့ပြည်တွင်းရေးပဲ။ တရုတ်ဟာ ကမ္ဘာ့ အကြီးဆုံး နဲ့ လူဦးရေအများဆုံး နိုင်ငံဆိုတော့ တရုတ်ပြည်ကိုယ်တိုင်သည်ပင် ကြီးမားတဲ့ လေ့လာစရာ နယ်မြေတခု ဖြစ်နေတယ်။ တရုတ်တွေချမ်းသာလာပြီလို့ပြောတာဟာ တ၀က်ပဲမှန်ပါလိမ့်မယ်။ တရုတ်လူဦးရေ ၁.၃ ဘီလီယံ ဟာ တရုတ်ပြည်ထဲမှာ သူ့နေရာနဲ့သူဖြန့်ကျက်ထားတာမျိုး မဟုတ်ဘူး။ နိုင်ငံလူဦးရေ အထူထပ်ဆုံးဒေဟာ တရုတ် အရှေ့ဘက် ကမ်းခြေ နဲ့ တောင်ဘက်ပင်လယ်ကမ်းခြေ တွေကနေ မိုင် ၆၀၀ အတွင်းလောက်အထိပဲ ရှိတာကို တွေ့ရတယ်။ တရုတ်ရဲ့ အဖွံ့ဖြိုးဆုံးနေရာတွေမို့ နှလုံးသားနယ်မြေ (Heart Land) လို့လည်း ဆိုကြပြန်တယ်။
မြန်မာနဲ့ကပ်နေတဲ့ ယူနန်ပြည်နယ်ဟာ လူဦးရေ သန်း၄၀ ကျော်ရှိတာမို့ မြန်မာနီးပါးပဲ။ တရုတ် အနောက် ဘက်ခြမ်း မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ Xinjiang နဲ့ တိဗက်ရှိတယ်၊ တိဗက်ကတော့ သိပြီးသားမို့ အကျယ် မပြောတော့ဘူး။ Xinjiang ဟာ လူနဲစု တိုင်းရင်း သား Uyghurs (အစ္စလမ်ဘာသာဝင်) အများစု နေထိုင် ကြပြီး အရင်က ခွဲထွက်ရေးအတွက် ပြင်းထန်တဲ့ ဆန္ဒပြ ပွဲတွေ ကြုံခဲ့ကြရတယ်။ တရုတ်ပြည်မကြီးနဲ့ တွဲလျှက်မရှိပဲ တရုတ်က အိမ်တွင်းရေးလို့သတ်မှတ်ထားချင်တဲ့ ကျွန်းကတော့ ထိုင်ဝမ်ပါပဲ။ ဒါပေမယ့် တရုတ်တွေခုထိ ထိုင်ဝမ်ကို မထိမ်းချုပ်နိုင်သေးဘူး။ တရုတ်ပြည်တွင်းရေးဟာ မတည်ငြိမ်သေး တာအမှန်ပဲ။ ကွန်မြူနစ်ပါတီဟာ စစ်တပ်ကို ကိုင်ထားပြီး နိုင်ငံကို အုပ်ချုပ်ထားတယ်။ နိုင်ငံရေး ဖိနှိပ်မှုတွေ လည်းရှိ အစိုးရအရာရှိကြီးတွေရဲ့ အကျင့်ပျက်ခြစားမှု တွေနဲ့ ဆိုတော့ တရုတ်မှာ လူ့အခွင့် အရေး လှုပ်ရှားမှုတွေ ရှိသလို ဆင်းရဲနေတဲ့ ပြည်သူလူထုရဲ့ လူမှု စီးပွားအရ လှုပ်ရှားရုန်းကန်မှု တွေ ကလည်း ဒုနဲ့ဒေးပဲ။ ၈၉ က ဖြစ်ခဲ့တဲ့ တိန့်အင်မင် အရေးအခင်း ဟာ တရုတ်တပါတီ အာဏာရှင် စံနစ် အပေါ်အခုထက်ထိ ခြောက်လှန့် နေဆဲပဲ။ မြန်မာမှာ ၈၈ အရေးအခင်းရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှု တွေ ဆက်လက်ရှင်သန်နေသလိုပေါ့။

ဒုတိယအ၀န်း

ဒုတိယအ၀န်းအ၀ိုင်းမှာ သူတို့ သတ်မှတ် ထားတဲ့ နေရာတွေကတော့ အိမ်နီးနားချင်းနိုင်ငံတွေပဲ။ တရုတ်မှာ အိမ်နီးချင်း ၂၂ နိုင်ငံရှိတယ်။ ၁၉၄၉ တရုတ် ပြည်သူ့သမ္မတနိုင်ငံ စတည်ထောင်တဲ့ အချိန်ကစလို့ အိမ်နီးချင်းနိုင်ငံ အားလုံး နဲ့ နယ်စပ်အငြင်းပွားမှု တွေဖြစ်ခဲ့ ဖူးတယ်။ အဲဒီအထဲက ၅ နိုင်ငံနဲ့ စစ်ဖြစ်ဖူးတယ်။ ရုရှုား၊ အိန္ဒိယ နဲ့ ဂျပန်လို နိုင်ငံကြီးတွေအပြင် တောင်ကိုရီးယားလို ဗီယက်နမ်လို နိုင်ငံတွေနဲ့လည်း တပွဲတလမ်း အကဲစမ်းခဲ့ကြတယ်။ တရုတ်ဟာ သူ့ အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ သမိုင်းကြောင်းအရ ရန်ဘက်တွေ ဖြစ်ခဲ့ကြသလို နိုင်ငံငယ်တွေကတော့ တရုတ်သြဇာကြီးမားလာမှု ကို စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ တရုတ်နိုင်ငံခြားရေး ပေါ်လစီမှာ ထိုင်ဝမ်ဟာ ထူးခြားတယ်။ တရုတ်တွေက သူ့ကို ပထမအ၀န်းထဲမှာ ထဲ့ထားသလို ဒုတိယ အ၀န်းထဲမှာလည်းထဲ့ထားတယ်။ တရုတ်တွေ အစိုးရိမ်ဆုံး အိမ်နီးချင်းကတော့ အမေရိကန်ပဲ။ ပစ္စဖိတ်သမုဒ္ဒရာထဲမှာ အမေရိကန်က ပိုင်တဲ့ ကျွန်းတွေ ရှိတယ်။ ဂူအမ်မှာ အမေရိကန်ရဲ့ ပစ္စဖိတ်စစ်အခြေစိုက်စခန်းကြီးရှိတယ်။ ဟိုနိုလူလူမှာ ပစ္စဖိတ်ကွပ်ကဲရေး စစ် ဋ္ဌာနချုပ် ရှိတယ်။ တောင် နဲ့ အရှေ့တရုတ်ပင်လယ်တွေကိုစိုးမိုးထားဖို့အတွက် ရေတပ်တွေရှိတယ်။ တချိန်တည်းမှာ အမေရိကန် ဟာ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေနဲ့ နိုင်ငံရေး စီးပွားရေး ပူးပေါင်းမှုတွေရှိတယ်။ အိုဘားမား မြန်မာပြည်ကို ၂ ခါလာသွားပြီ။ ဒါတွေဟာ တရုတ်ချိန်ဆ နေရတဲ့ ဒုတိယအ၀န်းပဲ။

တတိယအ၀န်း ပြီးတော့ ကမ္ဘာကြီး

တရုတ်ဟာ အမေရိကန်လို သူ့အိမ်နီးချင်းတွေနဲ့ နှစ်ဘက်အကျိုးစီးပွားရှိတဲ့ ဆက်ဆံရေးမျိုးကို မထူထောင် ထားနိုင်ဘူး။ ဒုတိယအ၀န်းကို သေသေချာချာစီစစ်လိုက်ရင် တရုတ်အတွက် ဒေသတွင်းဖွဲ့စည်းထားတဲ့ စံနစ် ၆ ခုကို တွေ့ရတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ တရုတ်ပေါ်လစီဟာ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန် နဲ့ ရုရှားကို လည်း ထဲ့သွင်းစဉ်းစားရတယ်။ လာအိုတရုတ်ဆက်ဆံရေးဟာ ဗီယက်နမ်၊ ကမ်ဘောဒီးယား၊ ထိုင်း နဲ့ အမေရိကန်ကို ပစ်ပယ်ထားလို့မရပြန်ဘူး။ သမုဒ္ဒရာတွင်းနိုင်ငံတွေ နဲ့ပါတ်သက်လို့ ဆိုပါစို့ ပါပူဝါနယူးဂီနီ အတွက် နိုင်ငံခြားရေး မူဝါဒဟာ နယူးဇီလန်၊ သြစတေးလျှ တို့နဲ့လည်းဆက်စပ်ထားရတယ်။ မြန်မာနဲ့ လည်းထို့အတူပဲ။ မြန်မာနဲ့ ပါတ်သက် တဲ့ တရုတ်ခြေလှမ်းကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာစီယံ နဲ့ အမေရိကန် နိုင်ငံတွေက စောင့်ကြည့် နေကြတယ်။ ဒေသဆိုင် ရာ နိုင်ငံတွေစုပေါင်းနေတဲ့ စံနစ် ၆ ခုလို့ တရုတ်သတ်မှတ်ထားတဲ့ အထဲမှာ မြန်မာဟာ အာဆီယံ ဗဟိုပြု ထားတဲ့ အရှေ့တောင်အာရှဇုံ၊ အိန္ဒိယ နဲ့ ရုရှပါတဲ့ တောင်အာရှဇုံ နှစ်ခုအပြင် တရုတ်အာရုံစိုက်နေတဲ့ အရှေ့တောင် အာရှ ပင်လယ်ပြင်ဇုံထဲမှာပါ ရှိနေတယ်။ အဲဒီ ဒေသတွင်းနိုင်ငံတွေနဲ့ ယှက်ဖွဲ့ထားတဲ့ စံနစ်တွေဟာ တတိယအ၀န်းပဲ။ တရုတ်အတွက် နောက်ဆုံး အ၀န်းကတော့ ပထမအ၀န်း၃ ခုထဲမှာမပါတဲ့ ကမ္ဘာကြီး တခုလုံးပါ။ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက နဲ့ အမေရိက တိုက်ကြီးပါ။ ဒီဒေသတွေမှာ တရုတ်ရဲ့ ကမ္ဘာ့အစီအစဉ်ထဲ ၀င်ရောက်ဖို့ သြဇာ တည်ဆောက်ဖို့နဲ့ ခေတ်မှီမှုနဲ့ အတူလိုအပ်လာတဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ပေါ်လစီ တွေချမှတ် ရတယ်။

တရုတ် မဟာဗျူဟာကြီး ၃ရပ်

မြန်မာတွေလိုပဲ တရုတ်တွေမှာလည်း တို့တာဝန်အရေးသုံးပါးရှိတယ်။ အပေါ်မှာရှင်းခဲ့တဲ့ အ၀န်း ၄ခုကို ကြည့်ရင် တရုတ်မဟာဗျူဟာကြီး ၃ခုကို ခုလို တွေ့ရမှာပါ။ ပထမအချက်က သူ့ပိုင်နက် ရဲ့ အချုပ်အချာ အာဏာ ခိုင်မြဲမှု နဲ့ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုပဲ။ ထိုင်ဝမ်ကို ပြန်ရအောင်ကျိုးစားမယ်။ တိဗက်၊ စင်းကျန်း နဲ့ အတွင်း မွန်ဂိုးလီးယား ခွဲထွက်ရေးသမားတွေကို နှိပ်ကွပ်မယ်။ ပြည်တွင်း လစ်ဘရယ် ဒီမိုကရေစီလှုပ်ရှားမှုတွေကို တန်ပြန်တော်လှန်ရေး သမားတွေအဖြစ် ဖြိုခွင်းမယ်။ တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်ကို စိုးမိုးဖို့ ကျိုးစား မယ် ဆိုတာတွေကို တွေ့ရမယ်။ ဒုတိယအချက်က တော့ နယ်စပ်ဒေသက နိုင်ငံတွေပဲ။ အဲသည်နိုင်ငံတွေအပေါ် ပြည်ပ စွက်ဖက်မှုတွေကို သတိထားစောင့်ကြည့်မယ်။ အဲသည်နိုင်ငံတွေရဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေကို သူ့အကျိုး စီးပွား မပျက်အောင် ဖြေရှင်းဖို့ကျိုးစားမယ်။ တချိန်တည်း မှာ တရုတ်ဝင်ပြီး ချယ်လှယ်တယ်ဆိုတဲ့ အမြင်မျိုးမရောက် အောင်လည်း ထိမ်းထားမှာဖြစ်တယ်။ တနည်းပြောရရင် အာရှကို ထိမ်းချုပ်ထားနိုင်ဖို့ဖြစ်တယ်။ နောက်ဆုံးအချက် ကတော့ တရုတ်စီးပွားရေးဖွံ့ဖြိုးမှု နဲ့ နိုင်ငံတကာ နယ်ပယ် တွေမှာ သြဇာချဲ့ထွင် ၀င်ဆန့်လာဖို့ပဲ။

တရုတ်ပြည်သွားတောလားမှတဆင့်

တရုတ်နိုင်ငံရဲ့ မဟာဗှူဟာတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ခေါ်တဲ့ အဓိကရည်ရွယ်ချက်က တရုတ်နယ်စပ်တည်ငြိမ်ရေး၊ အိမ်နီးချင်း နိုင်ငံတွေနိုင်ငံရေးအရတည်ငြိမ်ရေး၊ အမေရိကန်ရဲ့ အာရှ ပေါ်လစီကို တန်ပြန်ရေး နဲ့ အာဖရိကနဲ့ အရှေ့အလည်ပိုင်းက စွမ်းအင်အရင်းအမြစ်တွေကို တရုတ်ပြည်တွင်း ပို့ဖို့ မလက္ကာကို ဝေ့ရှေုာင်မယ့် ကျောက်ဖြူကူမင်းလမ်းကို ဆက်လက် ထိမ်းချုပ်ရေးတို့ပါပဲ။ အနှစ်ချုပ် စကားကတော့ မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုပြောင်းပြောင်း တရုတ်နဲ့ ဆက်ဆံရေးကို မပျက်စီးပဲ ရှိနေစေချင် တယ် ဆိုတာပါပဲ။ တဖက်ကပြန်ကြည့်ရင် အနာဂတ်မြန်မာနိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေရာကို အသိအမှတ်ပြု ဖော်ပြလိုက်တာပါ။

ဒေါ်အာင်ဆန်းစုကြည် ရဲ့ တရုတ်ခရီးစဉ် အစမှာပဲ တရုတ်က မီးနီပြလိုက်တော့ ကိုးကန့်တွေဟာ ချက်ခြင်း ဇက်ကျိုးသတ်ပြီး အတိုက်ရပ်ခဲ့တယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု ဆိုတာက ဖြစ်ခဲပါတယ်။ လက်နက်ကိုင်သမားချင်း ဆွေးနွေးနိုင်ဖို့က ပိုပဓာနကျတယ်လို့ ယူဆထားပုံရတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ အတွက် ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၅ရက်ကြာ တရုတ်ပြည်သွားတောလားဟာ ငြိမ်းချမ်းရေး မှာပျောက်ဆုံး နေတဲ့ သူ့အခန်း ကို ပြန်လည်ချိန်ဆဖို့ တွန်းအားတရပ်ဖြစ်လာမလား ဆိုတာကတော့ မသေချာပါဘူး။ သေချာတာ ကတော့ မြန်မာနိုင်ငံမှာ ပြည်သူထောက်ခံမှု ထူးထူးခြားခြား ရတဲ့ ခေါင်းဆောင်၊ ၂၀၁၅ အလွန် စစ်တပ်နဲ့ ထိန်းညှိ မယ့် အရပ်ဘက်နိုင်ငံရေးသမား၊ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ ခေါင်းဆောင် ဆိုတဲ့ အရည်အချင်းတွေ အားလုံး ပြည့်စုံတဲ့ သူ အများကြီးမရှိပါဘူး။ မြန်မာပြည်မှာ အင်စတီကျူးရှင်းဆိုတာ တရားဝင် ဖွင့်ထားတဲ့ ကောင်တာ တွေရှိပေမယ့် မှောင်ခိုဈေးမှာ မေးဝယ်တဲ့ ဒေါ်လာ လိုပဲ။ မြန်မာလူထုမပြောနဲ့ အထဲမှာ ၀င်ရောက်ပတ်သက်နေတဲ့ အမတ်မင်းတွေ နိုင်ငံရေး သမား တွေနဲ့တောင် သိပ်ရင်းနှီးလှသေးတာ မဟုတ်ဘူး။ မြန်မာဒီမိုကရေစီရေးကို ထက်မြက်တဲ့ ပြတ်သားတဲ့ နိုင်ငံရေး ဦးဆောင်မှု နဲ့ အချိန်တခုအထိ ဆက်လက်မောင်းနှင်ရဦးမှာဖြစ်တယ်။

နိဂုံး

တရုတ်တွေဟာ ဒီပုံစံအတိုင်းဆက်သွားနိုင်ရင် ၂၀၃၀ မှာ အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့စီးပွားအင်အားကြီး နိုင်ငံ တခုဖြစ်လာဖို့ရှိနေပါတယ်။ မကြာသေးခင်က တရုတ်စတော့ဈေးကွက် ကမောက်ကမဖြစ်တယ်။ ပြည်တွင်းမှာ ရှီကျင်းပင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆက်တိုက်လုပ်နေတယ်။ စက်တင်ဘာ ၂၂ ရက် က အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲလ်ကို ထိပ်သီးဆွေးနွေးပွဲအတွက်ရောက်သွားပါပြီ။ တရုတ်အမေရိကန် ဆက်ဆံ ရေးမှာ အာရှတွင်း သြဇာဖြန့်ကျက် ထားနိုင်ရေးဟာ အဓိကကျတဲ့မဟာဗျူဟာတခုဖြစ်တယ်။ တရုတ်ခေါင်းဆောင် ပိုင်း ဟာ နိုင်ငံတည်ငြိမ်ရေး နဲ့ စီးပွားရေးဆက်လက် ဖွံ့ဖြိုးနေဖို့ နိုင်ငံရေးပြသနာကို ဖြေရှင်းရမယ်လို့ ခံယူထားကြ တယ်။ တရုတ်တွေမှာလည်း အခက်အခဲတွေရှိတယ်ဆိုပေမယ့် မြန်မာပြည် နဲ့ ပါတ်သက်ရင် တရုတ် ၂.၀ နဲ့ ဟူ-၀မ် လက်ထက်မှာ မြန်မာပြည်ကို စစ်ချီနိုင်မယ့်လမ်းကြောင်းက တောတွေကို ရှင်းထားခဲ့ပြီးပါပြီ။ မြစ်တွေကို ထိမ်းချုပ် ဖို့လည်း အားထုတ်နေဆဲပါပဲ။ မြန်မာတွေတရုတ်အတွက် မဟာဗျူဟာမြောက် ကျောက်ဖြူကူမင်း ပိုက်လိုင်း ကို ပေးလိုက် ရပြီးပါပြီ။ ခုတခါ တရုတ်တွေက ဒီပိုက်လိုင်း တလျောက်ကနေ ရထားလမ်း နဲ့ ပင်လယ်ထွက်ပေါက် ကို တောင်းဆို နေတယ်။ ပိုက်လိုင်း တ၀က်လောက်က တံတားဦးမှာ နိုင်ငံတကာလေဆိပ်တခု စတင်ထားခဲ့တယ် ဆိုတာ ကလည်း တရုတ်မြန်မာ ၂.၀ လက်ထက်က ပြည်သူတွေမသိတဲ့ လှို့ဝှက်စီမံကိန်းတွေထဲက အစိတ်အပိုင်း တခု ဖြစ်နိုင် ပါတယ်။ တရုတ်တွေ မြန်မာပြည်မှာလုပ်မယ့် စီမံကိန်းအားလုံးကို မျက်ခြေပြတ်လို့မဖြစ်ပါဘူး။ ဒါ့အပြင် တရုတ် ၃.၀ ရဲ့အပြောင်းအလဲ သက်ရောက်မှု တွေကိုလည်းစောင့်ကြည့်ရ မှာပါ။ တရုတ်တွေဟာ ယာအညက်နဲ့ ကြက်အမောကို စောင့်နေတာ ဖြစ်တယ်။ မြန်မာတွေလက်ရှိ အခြေအနေက ရုန်းမထွက်နိုင်ရင် မြန်မာပြည်ရဲ့ နောက်တကြိမ် လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာပိုင်ရေး ဟာ ၂၀၃၀ နောက်ပိုင်းမှာ ဆုံးရှုံးသွား နိုင်စရာ ရှိနေပါတယ်။ ၂၀၁၀ ကစခဲ့တဲ့ မြန်မာ အာဏာရှင် ၃.၀ ဘယ်တော့ပြီးဆုံးမလဲ လို့ မေးစရာ ရှိပါတယ်။ ၂၀၁၅ ပါ။ အပြောင်းအလဲ တွေ အားလုံးရဲ့ ပထမ ဆုံးပွိုင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရ အစိုးရ ဖွဲ့နိုင်ရေး ဖြစ်တယ်။ အင်အယ်ဒီ ကို မဖြစ်မနေ မဲပေးကြဖို့ပါပဲ။

[၂၀၁၅ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလထုတ် နှင်းဆီဖြူ မဂ္ဂဇင်းပါ ကျော်ဇောခိုင်၏ ဆောင်းပါးနှစ်ပုဒ်ကို ပြန်လည်စုစည်းတင်ပြသည်]
Kz Khine @Hninn Si Phyu

References:
1. China 3.0 edited by Mark Leonard, European Council on Foreign Relation
2. China's search for security by Andrew J. Nathan and Andrew Scobell, Columbia University Press, 2012.
Illustration:
Qing era map of Yunan Province - National Palace Museum, Taiwan